1
2
3
4
5
6
7
8

ပါမောက္ခ ဦးမောင်မောင်အေး၏ လက်ရွေးစင်စာစုများ

ပထဝီဝင်အသိအမြင်ကြွယ်စေချင်လွန်းလို့ (၁)

       ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ရှိ အဝေးသင်တက္ကသိုလ်တွင် “ လုပ်ငန်းခွင်မပျက်၊ ပညာဆက်အံ့ ” “ အိုးအိမ်မကွာ ၊ ပညာရှာအံ့ ” ဟူသောဆောင်ပုဒ်များဖြင့် အပတ်တကုတ် တက်ရောက်၍ ပညာရင်နို့သောက်စို့နေကြသော ဝိဇ္ဇာ (ပထဝီဝင်အထူးပြု)ကျောင်းသားကျောင်းသူများအတွက် ရသိကောင်းစရာများကို လစဉ်ပုံမှန်ဆွေးနွေးတင်ပြသွားရန် ရည်ရွယ်ပါသည်။ သို့ဖြစ်ရာ လစဉ်ပုံမှန်ရေးသားဖော် ပြသွားမည့်ဆောင်းပါးများ၏ အဓိကခေါင်းစဉ်ကို “ ပထဝီဝင်အသိအမြင် ကြွယ်စေချင်လွန်းလို့ ” ဟုပင် ခပ်ရိုးရိုး လေးအမည်ပေးလိုက်ပါသည်။

       ၁၉၉၅ ခုနှစ်၊ မေလ ၁၅ ရက်နေ့ စာရေးသူ စစ်တွေဒီဂရီကောလိပ်မှ ရန်ကုန်အဝေးသင်တက္ကသိုလ်သို့ အလုပ်တာဝန်ထမ်းဆောင်ရန် စတင်ရောက်ရှိသတင်းပို့သည့်နေ့တွင် အဝေးသင်တက္ကသိုလ် ဒုတိယပါမောက္ခ ချုပ်၏ ခရီးရောက်မဆိုက်တိုက်တွန်းချက်ကိုဖြည့်စွက်သောအားဖြင့် ဤဆောင်းပါးကိုရေးသားရခြင်းဖြစ်ပါသည်။

ပထဝီဝင်၏ ကကြီး၊ခခွေး

       ပထဝီဝင်ဆိုသည်မှာ တိုက်ကြီးများ၊သမုဒ္ဒရာများ၊ပင်လယ်မြစ်ချောင်း အင်းအိုင်များ၊တောင်တန်းများတို့၏ အမည်များနှင့် တည်နေရာကိုလည်းကောင်း၊ နိုင်ငံများ၊ပြည်နယ်နှင့်တိုင်းခရိုင်မြို့ ရွာများ၏ အမည်များနှင့် တည်နေရာများကိုလည်းကောင်း အလွတ်ကျက်၍မှတ်သားရသော ဘာသာရပ်ဖြစ်သည်ဟု ယူဆသူအတော် များများရှိကြလေသည်။ ဤသို့အထက်ဖော်ပြပါ အမည်များနှင့် တည်နေရာတို့ကိုအလွတ်ကျက်မှတ်သည့် အဆင့်သည် မြန်မာစာပေကိုလေ့လာစူးစမ်းနိုင်ရန်အတွက် ကကြီး၊ခခွေးကို မှတ်သားသည့်အဆင့်မျိုးသာ ဖြစ်ပေသည်။

ပထဝီဝင်အမည်ပြောင်းသင့်/မပြောင်းသင့် ?

       မျက်မှောက်ခေတ်တွင် ပထဝီဝင်ဘာသာရပ်သည် ပိုမိုနက်ရှိုင်းလာပြီး ယင်းပညာရပ်၏နယ်ပယ်သည် ဘောင်ခတ်ရန်ခဲယဉ်းသည်အထိ ကျယ်ပြန့်လျက်ရှိသည်။ ထို့ကြောင့်လည်း ဂျွန်၊ဒဗလျူ၊ အလက်ဇန္ဒား ( Jonn W. Alexandar) ၊ ကင်နက်သွမ်ဆန် ( Kenneth Thompson) စသည့် အမေရိကန်ပထဝီဝင်ပညာရှင်အချို့ က ပထဝီဝင်(Geography)ဟူသောအမည်အစားအခြားသင့်တော်သောအမည်တစ်ခုကိုရှာဖွေပြောင်းလဲသင့်သည်။ ယင်းသို့သင့်တော်သော အမည်ကိုမတွေ့ရှိမီ ဒေသန္တရသိပ္ပံ (Regional Science) ဟူ၍လည်းကောင်း၊ ဒေသန္တရ ပရိစ္ဆေဒ ( Regional Analysis) ဟူ၍လည်းကောင်း ယာယီခေါ်ဝေါ်သုံးစွဲသင့်သည်ဟု အဆိုပြုကြသည်။

       အခြားတစ်ဖက်တွင် ရစ်ချက်အီးမာဖီ (Richard E. Murphy)၊ ဒေးဗစ်လိုဝင်သယ် (David Lowenthal)၊ စတန်လီဒီဒေါ့ ခ်ျ (Stanley D.Dodge)နှင့် ဂျွန်အာဗိုချတ် (John R  Bochert) စသည့် အမေရိကန်ပညာရှင် အချို့ ကမူ ခေတ်သစ်ပထဝီဝင် (Modern Geography) သည် ရှေးခေတ် ဂရိ (Greek)တို့၏ ပထဝီဝင်နှင့် နှိုင်းယှဉ်လျှင် များစွာတိုးတက်လာသည်ကို ငြင်းပယ်ရန်အကြောင်းမရှိပါ။ သို့ရာတွင် ပထဝီဝင်ပညာရပ်မှာကဲ့သို့ ပင်အခြားသောပညာရပ်အသီးသီး၌လည်း အတွေးအခေါ်အယူအဆများနှင့် သုတေသနပြုမှုများ (New Ideas and Researches)ကြောင့် တိုးတက်ပြောင်းလဲမှုများရှိလင့်ကစား ပညာရပ်၏အမည်ကို အသစ်ပြောင်းလဲသတ် မှတ်ခေါ်ဝေါ်သုံးစွဲခြင်းမရှိကြပေ။ ဥပမာ- ယခုခေတ် ဓာတုဗေဒ (Chemistry) သည် အလယ်ခေတ် (Middle Age) အဂ္ဂိရတ်ပညာမှ ပေါက်ဖွားကာစ ဓာတုဗေဒထက်များစွာတိုးတက်လာခဲ့သည် မှန်သော်ငြားလည်း ယင်းပညာရပ်၏ အမည်ကိုမူ ပြောင်းလဲခေါ်ဝေါ်ခြင်းမရှိခဲ့ချေ။ထို့အပြင် ဒေသန္တရသိပ္ပံ (Regional Science) ဒေသန္တရအရိစ္ဆေဒ (Regional Analysis) စသည့်အမည်များသည်လည်း ပထဝီဝင်ပညာရပ်၏ နက်ရှိုင်းမှုနှင့် ကျယ်ပြန့်မှုကို ဖော်ပြနိုင်စွမ်းမရှိပေ။သို့ဖြစ်ရာ ပထဝီဝင်ပညာရပ်၏ အမည်ကိုပြောင်းလဲမှုမှာ မလိုအပ်ပေ။ မိမိပညာရပ်နှင့် သက်ဆိုင်သည့်ပြဿနာများကို ဆက်လက်ဖြေရှင်းနိုင်ရေးနှင့် သုတေသနလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ရေးသည်သာ အဓိကလိုအပ်ချက်ဖြစ်ပါသည်ဟု ပြန်လည်တင်ပြခဲ့ကြပါသည်။

       ဤသို့ဆိုလျှင် “ ပထဝီဝင်ဆိုတာဘာလဲ ? ” ဟုမေးမြန်းဖွယ်ရာ ဖြစ်လာပါတော့သည်။

မူရင်းဝေါဟာရနှင့် အဓိပ္ပါယ်

       ပထဝီဝင်ပညာ ( Geography) ဆိုသည်မှာ ကမ္ဘာ့မျက်နှာပြင် (The Earth ‘ s Surface)ကို လူသားများ နေထိုင်ရာနေရာ ( Space)အနေဖြင့်ရှုမြင်ကာစနစ်တကျစူးစမ်းလေ့လာရှင်းလင်းတင်ပြသောပညာရပ်ဖြစ်သည်။ Geography ဟူသောအင်္ဂလိပ်ဝေါဟာရသည် ဂရိ (Greek) ဘာသာစကားဖြစ်သော “ geo ” နှင့် “graphein” တို့မှဆင်းသက်လာသော ဝေါဟာရဖြစ်သည်။ဤမူရင်းဂရိဝေါဟာရကို ဂရိပညာရှင် အီရာတောစ်သင်းနီးစ် (Eratosthenes – B.C.276 – B.C 194) က စတင်တီထွင်သုံးစွဲခဲ့ခြင်း ဖြစ်ပါသည်။ ဂရိစကားအရ “geo”သည် ကမ္ဘာမြေကြီး= “the earth”ဟု အဓိပ္ပါယ်ရပြီး “graphein” မှာ ရေးသားခြင်း= “to write” ဟု အဓိပ္ပါယ်ရပါ သည်။သို့ဖြစ်ရာ “geography”ဟူသော ဝေါဟာရ၏နဂိုမူရင်းအဓိပ္ပါယ်မှာ “ ကမ္ဘာမြေကြီး၏အကြောင်းအရာကို ရေးသားဖော်ပြခြင်း  (writing about the earth)” ဖြစ်ပါသည်။ သို့ရာတွင် ပထဝီဝင်ဆိုသည်မှာ ကမ္ဘာမြေကြီး ၏ အကြောင်းအရာကို ရေးသားဖော်ပြရုံမျှဖြင့်ပြီးဆုံးခြင်းမဟုတ်သည့်အတွက် ပထဝီဝင်ပညာပေါ်ပေါက်လာ သည့်အချိန်မှစ၍ ယနေ့တိုင်အောင် ခေတ်အဆက်ဆက်တွင် ပထဝီဝင်ပညာရှင်အသီးသီးက ပထဝီဝင်ပညာနှင့် ပက်သက်၍ သူတစ်နည်းငါတစ်ဖုံဖြင့် အနက်အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုခဲ့ကြကြောင်း လေ့လာသိရှိရပါသည်။

ဒေသသိပ္ပံပညာ

       ပြင်သစ်ပါမောက္ခ ဗီဒဲလ်ဒီလာဗလာချ (Vidal de Blache)က … “ပထဝီဝင်ဆိုသည်မှာ နိုင်ငံများ၏ ဂုဏ်ဒြပ်များ (Qualities)၊စွမ်းအားများ (Potentialities) နှင့်သက်ဆိုင်သည့်ဒေသသိပ္ပံပညာရပ် (Science of Places)” … ဟု ဆိုခဲ့သည်။

 

ပထဝီဝင်အသိအမြင်ကြွယ်စေချင်လွန်းလို့ (၂)

ဗြိတိသျှတော်ဝင်အဘိဓာန်ကော်မတီ

ဗြိတိသျှပထဝီဝင်ပညာရှင်တို့၏အဘိဓာန်ကော်မတီ(၁၉၅ဝ)ကမူ…“ပထဝီဝင်ဆိုသည်မှာကမ္ဘာ့မြေမျက်နှာပြငနေရာဒေသတို့၏ ကွဲပြားခြားနားမှုနှင့်ဆက်သွယ်မှုကိုဖောပြသည့် သိပ္ပံပညာရပ် ဖြစ်သည်။”…………. ဟုတင်ပြခဲ့သည်။

ဂျိမ်းစ်၏ဖွင်ဆိုချက်

အမေရိကန်ပါမောက္ခ ပရက်စတန်အီး၊ဂျိမ်းစ် (PrestionE.James)ကမူ….. “ ပထဝီဝင်ဆိုသည်မှာနေရာဒေသများတွင်ခြားနားချက်နှင့် တူညီချက်များကိုလည်းကောင်း၊ နေရာဒေသတို့၏လက္ခဏာရပ်များကိုဖြစ်ပေါ်စေသည့် အခြင်းအရာတို့၏စုပေါင်းမှုများ (Associations of Phenomena) ကိုလည်းကောင်းစူးစမ်းလေ့လာခြင်းဖြစ်သည်။”……. ဟုဖေါ်ပြခဲ့သည်။ဂျိမ်းစ်၏ သည့် တူညီချက်များဆိုသည့်စကားလုံးနှင့် ပက်သက် ၍ အမေရိကန်ပါမောက္ခရစ်ချက်ဟတ်ရှုန်း (Richard Hartshorme) ကနှစ်ခြိုက်ခြင်းမရှိပေ။ဟတ်ရှုန်းကတင်ပြ ရာ၌ ကမ္ဘာပေါ်တွင်တစ်နေရာနှင့်တစ်နေရာလက္ခဏာရပ်အားလုံးတူညီမှုမျိုးကိုမတွေ့ရှိနိုင်။ပဲစေ့တစ်တောင့်ထဲ မှ ပဲစေ့နှစ်စေ့ပင်လျင်တူညီမှုမရှိပါ။တူညီသည်ဆိုသောနေရာဒေသတို့ကိုသေချာစွာစီစစ်ပါကကွဲပြားမှုကိုတွေ ရှိလာနိုင်သည်။ကွဲပြားမှုသည်အသေးအမွှားဖြစ်လျင်သာတူညီသည်ဟုယေဘုယျပြောဆိုကြခြင်း ဖြစ်သည်။ ထို့ကြောင့် တူညီချက်များဆိုသည့်စကားလုံးမှာအပိုသက်သက်သာဖြစ်သည်ဟုဆိုပါသည်။

ဟတ်ရှုန်း၏ကမ္ဘာကျော်ဖွင့်ဆိုချက်

ယင်းအနက်အဓိပ္ပါယ်ဖွင်ဆိုချက် အမျိုးမျိုးအနက်အကျော်ကြားဆုံးနှင့် လူသိအများဆုံးမှာအမေရိကန် ပြည်ထောင်စုမှ ပထဝီဝင်ပညာရှင် ရစ်ချက်ဟတ်ရှုန်း(Richard Hartshorme)၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ပင်ဖြစ် သည်။ဟတ်ရှုန်က ၁၉၅၉ခုနှစ်တွင် ရိုက်နှိပ်ထုတ်ဝေခဲ့သော ၎င်း၏ “ Perspective on the Nature of Geography”အမည်ရှိကမ္ဘာကျော်စာအုပ်တွင် ပထဝီဝင်ပညာဆိုသည်မှာကမ္ဘာမျက်နှာပြင်ပေါ်ရှိကွဲပြား ခြားနားသောအခြင်းအရာလက္ခဏာရပ်များကိုတိကျမှန်ကန်စွာနှင့် အစီအစဉ်ကျနစွာစူးစမ်းလေ့လာပြီးချင့်ချိန် ဝေဖန်သုံးသပ်ကာအဓိပ္ပါယ်ကောက်ယူရှင်းလင်းတင်ပြခြင်းနှင့် သက်ဆိုင်သောပညာရပ်ဖြစ်သည်။” (Geography is concerned to provide accurate ,orderly and rational description and interpretation of the variable character of the earth’s surface.)ဟုဖော်ပြထားခဲ့သည်။ ယင်အဓိပ္ပါယ်ဖွင်ဆိုချက်တွင် ပါဝင်သည့် နောက်ဆုံးစကားလုံး (ဝါ) ဝေါဟာရနှစ်ခုနှင့် စပ်လျဉ်း၍အနည်းငယ်အကျယ်ချဲ့ ပြီးရှင်းလင်းရန်လိုအပ်ပါမည်။

       ကွဲပြားခြားနားသောလက္ခဏာ (variable character) ဆိုသည်မှာ ကမ္ဘာ့မျက်နှာပြင်တစ်နေရာတွင်ရှိသော အခြင်းအရာလက္ခဏာသည် အခြားတစ်နေရာတွင်ရှိသော အခြင်းအရာလက္ခဏာနှင့်ထပ်တူထပ်မျှတူညီမှုမရှိဘဲ နေရာဒေသအလိုက်ကွဲပြားခြားနားစွာ ဖြစ်ထွန်းတည်ရှိနေနိုင်သည်ဟု ပထဝီဝင်ပညာရှင်တို့က ဆိုလိုကြသည်။ ဤကဲ့သို့ အခြင်းအရာလက္ခဏာများ နေရာဒေသအလိုက် ကွဲပြားခြားနားမှုသည် မြေပုံစကေးအမျိုးမျိုးတွင် ဖြစ် ပေါ်နိုင်သည်။ တစ်ကမ္ဘာလုံးအတိုင်းအတာမှစ၍ (ဥပမာ - ကုန်းမြေတိုက်ကြီးတစ်ခုနှင့်တစ်ခုကြားကွဲပြားမှု) သေးငယ်သော ဒေသန္တရအဆင့်တစ်ခုအထိ (ဥပမာ - အုပ်ချုပ်ရေးဒေသ ၊ပြည်နယ်၊တိုင်း၊ခရိုင်၊မြို့ နယ်တစ်ခုနှင့် တစ်ခုအကြား ကွဲပြားမှုများ၊မြို့ ပြဒေသတစ်ခုအတွင်းကွဲပြားမှုများ) အမျိုးမျိုးအဖုံဖုံ ကွဲပြားမှုများရှိနိုင်သည်။ကမ္ဘာ့ မျက်နှာပြင် (Earth’s  surface) ဟူသောအသုံးအနှုန်းမှာ ကမ္ဘာ့ဂြိုလ်စက်ဝန်းအလျား၏ အပုံတစ်ထောင်ပုံလျှင် တစ်ပုံခန့် (၂၅မိုင်) မျှသာရှိသော အလွန်ပါးလွှာသည့်အခွံလွှာပိုင်းကို ဆိုလိုခြင်းဖြစ်ပြီး ယင်းလွှာထုဇုံအတွင်း လူသားများသက်တောင့်သက်သာစွာ အသက်ရှင်ရပ်တည်လှုပ်ရှားနိုင်သော ပတ်ဝန်းကျင်(သို့)နေရာ (environment   or  habitat) ဖွဲ့စည်းဖြစ်ပေါ်လျက်ရှိသည်။

သီးခြားတက္ကသိုလ်ပညာရပ်တစ်ခုသို့

       အထက်ပါအတိုင်း ပထဝီဝင်ပညာသည် လူသား၏ သိမှု (knowledge) ဆိုင်ရာအစဉ်အလာပညာရပ် အဖွဲ့အစည်းများအတွင်းတွင် ပဟေဠိဆန်သောနေရာတစ်နေရာကို ရယူထားသည်ဟု ဆိုနိုင်ပေသည်။ အကြောင်းမှာ ပထဝီဝင်ပညာသည် သဘာဝသိပ္ပံ (Natural science ) ပညာရပ်မဟုတ်သကဲ့သို့ လူမှုရေးသိပ္ပံ (Social science) ပညာရပ် သက်သက်လည်းမဟုတ်ချေ။ ပထဝီဝင်ပညာ၏ အသိပညာပိုင်းဆိုင်ရာ မူရင်းဇစ် မြစ်သည် ရှေးခေတ်ဂရိယဉ်ကျေးမှုထွန်းကားခဲ့သော ခေတ်ကာလများတွင်စတင်ခဲ့သည်။ ထိုစဉ်ကတည်းကပင် လျင် ပထဝီဝင်သည်ထင်ရှားသော ပညာရပ်တစ်ခုအဖြစ်ရပ်တည်ခဲ့ပြီး နောင်အခါတွင် သဘာဝနှင့်လူမှုရေးကို ခွဲခြားမှုသဘောမျိုး ရှိစေရမည့်ရှေးပြေးလက္ခဏာရပ်များ ရှိခဲ့ပေသည်။ ထိုစဉ်အခါက လူသားကိုသဘာဝမှ ခွဲခြား ဖယ်ထုတ်၍မရသော အစိတ်အပိုင်းတစ်ခုအနေဖြင့် ရှုမြင်ခဲ့ကြသည်။ ထိုခေတ်အခါက ဒေသတစ်ခုခု၏ပထဝီဝင် ကို ရေးသားဖေါ်ပြလျှင် ယင်းဒေသတွင်တွေ့ရှိရသော သက်ရှိသက်မဲ့အရာခပ်သိမ်းတို့၏ အကြောင်းချင်းရာများ ကိုရေးသားဖော်ပြခဲ့သည်။

       ရာစုခေတ်များတစ်လျောက်လုံးတွင် ပထဝီဝင်ပညာရှင်များသည် တစ်ဦးချင်းစီသော်လည်းကောင်း၊အစုအ ဖွဲ့ငယ်များအနေဖြင့်သော်လည်းကောင်း ပထဝီဝင်လေ့လာဖေါ်ပြမှုများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။ (၁၉) ရာစုနှစ်မှစတင်၍ ပထဝီဝင်ပညာရပ်ဆိုင်ရာ အသင်းအဖွဲ့များပေါ်ပေါက်ခဲ့ကြသော်လည်း ပထဝီဝင်ပညာရပ်ကို တက္ကသိုလ်ပညာရပ်တစ်ခုအနေနှင့်စတင်ခဲ့သည်မှာ အတန်ငယ်နောက်ကျခဲ့ပေသည်။ သီးခြားပထဝီဝင်ဌာနများ အနေဖြင့် ဂျာမန်စကားပြောသောနိုင်ငံများတွင်စတင်ပေါ်ပေါက်ခဲ့သော အချိန်ကာလမှာ ၁၈၇ဝ ပြည်နှစ်များ ဖြစ်ပါသည်။သို့သော် Great Britain နှင့် U.S.A တို့တွင်မူ ယခု (၂ဝ)ရာစုနှစ်မတိုင်မီ အချိန်ကာလအထိ ပထဝီဝင်ဌာနများ ပေါ်ပေါက်ခြင်းမရှိခဲ့သေးပေ။

 

ပထဝီဝင်အသိအမြင်ကြွယ်စေချင်လွန်းလို့ (၃)

သိပ္ပံလား/ဝိဇ္ဇာလား

       ထိုစဉ်အခါက ပုံမှန်ပညာရေးဆိုင်ရာမဟာဌာနကြီးများတွင် (၁) သဘာဝသိပ္ပံပညာရပ်များ (Natural Sciences) နှင့် (၂) လူမှုရေးသိပ္ပံပညာရပ်များ (Social Sciences) ဟူ၍အဓိကကဏ္ဍကြီး (၂)ရပ် ခွဲခြားသတ် မှတ်၍ သင်ကြားပို့ချခြင်းမှာ ကောင်းစွာအသားကျနေခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့်လက်တွေ့တွင် ပထဝီဝင်ပညာ ရပ်ကို မည်သည့်ကဏ္ဍကြီးအတွင်းသို့ ထည့်သွင်းရမည်ဆိုသော ပြဿနာပေါ်လာခဲ့သည်။တစ်ခါတစ်ရံတွင် ပထဝီဝင်ပညာရပ်ကို သဘာဝသိပ္ပံပညာရပ်များဆိုင်ရာ မဟာဌာနကြီး၏အစိတ်အပိုင်းအဖြစ်တွေ့ရပြီး တစ်ခါ တစ်ရံတွင်မူ ဝိဇ္ဇာ ( သို့မဟုတ်) လူမှုရေးသိပ္ပံပညာရပ်များဆိုင်ရာ မဟာသိပ္ပံဌာနကြီး၏ အစိတ်အပိုင်းအဖြစ် တွေ့ရပါသည်။ သို့သော် တစ်ခါတစ်ရံတွင်မူကား သဘာဝသိပ္ပံပညာရပ်များဆိုင်ရာ မဟာသိပ္ပံဌာနကြီးမှာရော လူမှုရေးသိပ္ပံပညာရပ်များဆိုင်ရာ မဟာဌာနကြီးမှာပါ ပထဝီဝင်ပညာကို (၂)ပိုင်းခွဲခြား၍ သင်ကြားပို့ချပေးခဲ့ကြ သည်။ အကျိုးရလဒ်အားဖြင့် ပထဝီဝင်ပညာရပ်နယ်ပယ်၏ပြင်ပမှ အားကောင်းသည့်စွမ်းအားများကြောင့်လည်း ကောင်း၊ပထဝီဝင်ပညာရပ်နယ်ပယ်အတွင်းမှ တက္ကဗေဒ (Logic) ကြောင့်လည်းကောင်း၊ပထဝီဝင်ပညာရပ်ကို (၂)စိတ် (၂)ပိုင်း ကွဲပြားသွားစေခဲ့ပါသည်။

ဝိဇ္ဇာ၊သိပ္ပံ မေတ္တာပေါင်းကူး

       မြန်မာနိုင်ငံတွင်မူ ပထဝီဝင်ပညာကို ဝိဇ္ဇာပညာရပ်တစ်ခုအနေနှင့်သတ်မှတ်ကာ အခြေခံပညာကျောင်းများ နှင့် အဆင့်မြင့်ပညာ တက္ကသိုလ်၊ဒီဂရီကောလိပ်၊ကောလိပ်များတွင် သင်ကြားပေးလျက်ရှိသည်။ပထဝီဝင်ကို တက္ကသိုလ်တွင် ဝိဇ္ဇာမဟာဌာနကြီး (Faculty of Arts) ၏အစိတ်အပိုင်းတစ်ခုအဖြစ်သတ်မှတ်ကာ သင်ကြား ပို့ချသည်။ထို့အပြင်ပထဝီဝင်ကို လူမှုရေးသိပ္ပံပညာရပ်များ (Social Sciences)နှင့် ပိုမိုဆက်နွယ်မှုရှိသည်ဟု လည်းယူဆကြသည်။ထို့ကြောင့်လည်း ယခုအခါ အခြေခံပညာအထက်တန်းအဆင့်တွင် ပထဝီဝင်ကို သမိုင်း (History) ၊ ဘောဂဗေဒ (Economics) တို့နှင့်ပေါင်းစည်းကာ လူမှုရေးဘာသာဟုခေါ်ဝေါ်သတ်မှတ်ပြီး  သင် ကြားပို့ချလျက်ရှိကြောင်း တွေ့ရှိရပေသည်။ အကယ်စင်စစ်မူ ပထဝီဝင်ပညာသည် အထက်တွင်တင်ပြခဲ့သည့်အ တိုင်း သိပ္ပံတစ်ပိုင်း၊ဝိဇ္ဇာတစ်ပိုင်းပညာရပ်သာ ဖြစ်သည်။ ဆိုလိုသည်မှာ ပထဝီဝင်ပညာကို ဝိဇ္ဇာပညာရပ် (ဝါ) လူမှုရေးဘာသာရပ်သာဖြစ်သည်ဟု လုံးလုံးလျားလျားသတ်မှတ်၍ မရနိုင်သကဲ့သို့ သိပ္ပံပညာရပ်မဟုတ်ဟူ၍ လည်း လုံးလုံးလျားလျား မဆိုနိုင်ချေ။ လက်ရှိသင်ကြားပို့ချပေးနေသော ပညာရပ်အသီးသီးအနက် ဝိဇ္ဖာနှင့်သိပ္ပံ ကိုပေါင်းကူးပေးနိုင်သော တစ်ခုတည်းသောပညာရပ်မှာ ပထဝီဝင်သာဖြစ်ပေသည်။ဤသို့သော ပထဝီဝင်ပညာ ၏ထူခြားသော ဝိသေသလက္ခဏာရပ်နှင့် ယင်း၏သဘောသဘာဝကို အလေးဂရုပြုပြီး ဆီလျော်မှန်ကန်စွာ ဆောင်ရွက်သင့်ကြပေသည်။ စာရေးသူ၏ ကိုယ်ပိုင်အယူအဆမှာ……… “ပညာရပ်တစ်ခုကို ဝိဇ္ဇာဟုသတ်မှတ် သည်ဖြစ်စေ၊ သိပ္ပံဟုသတ်မှတ်သည်ဖြစ်စေ ဤအချက်မှာပဓာနမကျလှပေ။ ပို၍အရေးကြီးသည်မှာ ယင်ပညာ ရပ်သည် သက်ဆိုင်ရာလူ့အဖွဲ့အစည်း ၊ သက်ဆိုင်ရာ တိုင်းပြည်နှင့်လူမျိုး ဖွံ့ဖြိုးတိုးတက်ရေး၊ကြီးပွားရေး၊ ခေတ်မီရေး၊သာယာဝပြောရေးတို့အတွက် မည်သည့်အတိုင်းအတာအထိ အရေးပါအရာက်သည်၊ အထောက်အကူပြု နိုင်သည် ဟူသောအချက်ပင် ဖြစ်ပါသည်။” 

 

ရူပနှင့်လူမှု ပထဝီဝင်

       သဘာဝလောက (ဝါ)သဘာဝပတ်ဝန်းကျင်ကို လေ့လာသောပထဝီဝင်ပညာကို သဘာဝပထဝီဝင် (ဝါ) ရူပပထဝီဝင် (Physical Geography)ဟု ခေါ်ဝေါ်ပြီး၊လူတို့၏ ပယောဂကြောင့်ဖြစ်လာသောလောက(ဝါ) လူမှု ပတ်ဝန်းကျင်ကိုလေ့လာသော ပထဝီဝင်ကိုမူ လူမှုပထဝီဝင် ( Human Geography) ဟုခေါ်ဆိုသည်။ဤကဲ့သို့ ပထဝီဝင်ပညာကို နှစ်ပိုင်း၊နှစ်ခြမ်းခွဲခြားလေ့ရှိသည့် တွန်းအားဖိအားမှာ တစ်ခါတစ်ရံတွင် လုံလောက်စွာ အင်အားကြီးထွားလာတက်သည်။ဥပမာ - ဆွီဒင်နိုင်ငံရှိအချို့ သောတက္ကသိုလ်များတွင် ရူပပထဝီဝင်ဌာနနှင့် လူမှုပထဝီဝင်ဌာနဟူ၍ သီးခြားဌာနများထူထောင်သည်အထိ ဖိအားပြင်းထန်ခဲ့ပေသည်။

နှစ်ပိုင်းစိတ်ဖြာ စိုးရိမ်စရာ

       အထက်ဖော်ပြပါ နှစ်ပိုင်းနှစ်စိတ်ခွဲခြားမှု၏ ရေတိုအကျိုးကျေးဇူးကို ပထဝီဝင်ပညာ၏အစိတ်အပိုင်းတစ်ခု (ဝါ) ဘာသာစိတ်တစ်ခုခုနှင့် ၎င်းဘာသာစိတ်နှင့် နှီးနွယ်ဆက်စပ်နေသော နီးစပ်ရာသိပ္ပံပညာရပ်တို့အကြား ဆက်စပ်ပေါင်းစည်း၍ စူးစမ်းလေ့လာမှုကို မြင်တွေ့ရသည်။ဥပမာ - ပထဝီဝင်ပညာရပ်၏ အထူးပြုနယ်ပယ် ဘာသာခွဲတစ်ခုဖြစ်သော ဘူမိရုပ်သွင်ပညာ = Geomorphology ကို နီးစပ်ရာသိပ္ပံပညာရပ်ဖြစ်သော ဘူမိဗေဒ = Geology နှင့်ဆက်စပ်ပေါင်းစည်းလေ့လာခြင်းမျိုး ဖြစ်ပါသည်။သို့စေကာမူ ဤကဲ့သို့သော ရှုမြင်သုံးသပ်မှုများ ၊ ဆောင်ရွက်မှုများကို ပထဝီဝင်ပညာရှင်အချို့ က စိုးရိမ်မကင်းဖြစ်ကြသည်။ထိုပညာရှင်များက သဘာဝအခြင်း အရာများ (Natural Phenomena)နှင့် လူပြုအခြင်းအရာများ (Man – made Phenomena) အကြား စည်းခြား သတ်မှတ်မှုမျိုးသည် မိမိတို့ ပထဝီဝင်ပညာရပ်အတွက် အထောက်အကူမဖြစ်နိုင်ဟု ထင်မြင်ယူဆကြသည်။ အဘယ့်ကြောင့်ဆိုသော် ဤကဲ့သို့သော ခွဲခြားမှုမျိုးသည် ပထဝီဝင်ပညာရပ်ဆိုင်ရာစူးစမ်းလေ့လာမှု၏ ပဓာနကျ သော ဝိသေသလက္ခဏာရပ်အချို့ ကို ဖုံးကွယ်ထားနိုင်သည်ဟု ၎င်းတို့ကယူဆကြသည်။ထို့ကြောင့် တက္ကသိုလ် ပညာရပ်တစ်ခုအနေဖြင့် နှစ်ရှည်လများကြာမြင့်စွာရပ်တည်ခဲ့ပြီးဖြစ်သော ပထဝီဝင်ပညာရပ်၏တွေးခေါ်ဆင်ခြင် မှုကိုပင် အားအင်ချည့်နဲ့စေနိုင်သည်။ထိခိုက်စေနိုင်သည်ဟု စောဒကတက်ကြသည်။

 

ပထဝီဝင်အသိအမြင်ကြွယ်စေချင်လွန်းလို့ (၄)

ပဓာနကျသောဝိသေသလက္ခဏာ “ ၃ ” ရပ်

       ဤသို့ဆိုလျှင် အဆိုပါပထဝီဝင်ပညာရပ်၏ ပဓာနကျသော ဝိသေသလက္ခဏာရပ်များ (Essential Characteristics) ကား အဘယ်နည်းဟုလည်းကောင်း၊ယင်တို့သည်အလွန်အရေးကြီးသည်ဟု အဘယ်ကြောင့် ယူဆခံရသနည်းဟုလည်းကောင်း မေမြန်းစရာရှိလာပါသည်။

       ပထဝီဝင်ပညာ၏ ပဓာနကျသောဝိသေသလက္ခဏာရပ်ကြီး (၃)ရပ် အနည်းဆုံးရှိကြောင်း လွယ်ကူစွာ သတ်မှတ်ဖေါ်ပြနိုင်သည်။၎င်းတို့မှာ -

(က) တည်နေရာဆိုင်ရာ သရုပ်ခွဲစီစစ်ခြင်း

      (Locational or spatial analysis)

(ခ) ပတ်ဝန်းကျင်ဆိုင်ရာ သရုပ်ခွဲစီစစ်ခြင်း

     (Ecological analysis) နှင့်

(ဂ) ဒေသန္တရဆိုင်ရာ သရုပ်ခွဲစီစစ်ခြင်း

     (Regional analysis) တို့ဖြစ်ကြသည်။

တည်နေရာဆိုင်ရာ သရုပ်ခွဲစီစစ်ခြင်း

       ပထဝီဝင်ပညာ၏ ပဓာနကျသောဝိသေသလက္ခဏာရပ်ကြီး(၃)ရပ်ရှိသည့်အနက် ပထမဝိသေသနလက္ခ ဏာရပ်ကြီးမှာ တည်နေရာဆိုင်ရာသရုပ်ခွဲစီစစ်ခြင်း (Locational or Spatial Analysis)ပင်ဖြစ်သည်။ တည်နေ ရာကိုအလေးအနက်ထားပြီး ဦးစားပေးလေ့လာခြင်းဖြစ်သည်။ ပထဝီဝင်ပညာသည် ကမ္ဘာ့မျက်နှာပြင်တွင် ရူပ (ဝါ) သဘာဝအခြင်းအရာများ (Natural Phenomena) နှင့် လူမှု(ဝါ) လူပြုအခြင်းအရာများ (Social Pheno-mena)တို့၏ တည်နေရာအလိုက် (ဝါ) နေရာဒေသအလိုက်ကွဲပြားခြားနားခြင်းကို စူးစမ်းလေ့လာသည်။ ယင်း အခြင်းအရာတို့၏ တည်နေရာများကို တိတိကျကျသတ်မှတ်ဖေါ်ပြနိုင်အောင် ပထဝီဝင်ပညာကအထူးကြိုးပမ်း ဆောင်ရွက်သည်။တနည်းအားဖြင့် အခြင်းအရာတို့၏တည်နေရာများကို ထိရောက်စွာနှင့် တွင်ကျယ်စွာဖေါ်ပြ နိုင်အောင်အားထုတ်သည်။ တစ်စုံတစ်ခုသော နေရာဆိုင်ရာအဆင်ပုံစံများ (Locational Patterns) ကိုဖြစ်ပေါ် အောင် ပြုပြင်ဖန်တီးသည့်အချက်အလက်များ (Factors)ကိုလည်းပေါ်လွင်စွာ ဖေါ်ထုတ်နိုင်အောင်ကြိုးစား သည်။ လူမှုပထဝီဝင်တွင် ပိုမိုသင့်လျော်သော ပိုမိုအစွမ်းထက်သောနေရာဆိုင်ရာအဆင်ပုံစံများကို တင်ပြ ကောင်းတင်ပြနိုင်ပေမည်။ ပထဝီဝင်ပညာရပ်နယ်ပယ်အတွင်း၌ အဆိုပါနေရာဒေသအလိုက် ကွဲပြာခြားနားမှု များကို စူးစမ်းလေ့လာရန်အတွက် ဖေါ်ထုတ်ခဲ့သောနည်းလမ်းများစွာတို့သည် ယေဘုယျလက္ခဏာရပ်သာရှိပြီး ၎င်းနည်းလမ်းများသည်သဘာဝအခြင်းအရာများအတွက် သို့မဟုတ် လူပြုအခြင်းအရာများအတွက် သီးသန့်ဖြစ် သည်ဆိုသော သဘောလက္ခဏာရပ်မျိုးမရှိချေ။

ပတ်ဝန်းကျင်ဆိုင်ရာ သရုပ်ခွဲစီစစ်ခြင်း

       ပထဝီဝင်ပညာ၏ ဒုတိယဝိသေသလက္ခဏာမှာ လူ- မြေ ဆက်စပ်မှုများ (Man-Land Relations) အပေါ် တွင် ဂေဟဗေဒဆိုင်ရာ ဇောင်းပေးမှု (ဝါ) အလေးအနက်ပြုမှု (Ecological Emphasis) ပင်ဖြစ်သည်။ တနည်း အားဖြင့် ပတ်ဝန်းကျင်ဆိုင်ရာသရုပ်ခွဲစီစစ်ခြင်း (Ecological Analysis) ဖြစ်သည်။ သဘာဝနှင့် လူမှုအခြင်းအရာ များ၏အကြား အချင်းချင်းအပြန်အလှန်ဆက်နွယ်မှုများကို ဦးစားပေး၍စူးစမ်းလေ့လာခြင်းဖြစ်သည်။ ထို့အပြင် နေရာဒေသတစ်ခုခု၏ သဘာဝ (ဝါ)ရူပ ပတ်ဝန်းကျင်ဆိုင်ရာအချက်အလက်များနှင့် ယင်း နေရာဒေသတွင် နေထိုင်သော သို့မဟုတ် ယင်းနေရာဒေသကို ပြုပြင်မွမ်းမံသောလူဦးရေတို့၏အကြား အပြန်အလှန်ဆက်နွယ်မှု များ (Links)ကု အလေးထား၍ စိစစ်လေ့လာသည်။

       နေရာဒေသတစ်ခုနှင့်အခြားနေရာဒေသများအကြား ကွဲပြားခြားနားမှုများအားလေ့လာခြင်းကို အလျား လိုက်ကွဲပြားခြားနားမှုစိစစ်ခြင်းဘောင် (Horizontal Bonds) ဟု ယူဆနိုင်ပြီး နေရာဒေသတစ်ခုအတွင်းမှာပင် သဘာဝနှင့်လူဦးရေတို့၏ ဆက်နွယ်မှုကိုလေ့လာခြင်းကိုမူ ဒေါင်လိုက်ကွဲပြားခြားနားမှုစိစစ်ဘောင် (Vertical Bonds) ဟု ယူဆနိင်ပါသည်။ထို့ကြောင့် ယခု ဒုတိယဝိသေသလက္ခဏာရပ်ကြီးတွင် ပထဝီဝင်ပညာရှင်များ သည် ၎င်းတို့၏ ဦးစားပေးမှုတွင် နေရာဒေသများအကြား နေရာဒေသအလိုက်ကွဲပြားခြားနားမှုများ (Spatial Variations) (အလျားလိုက်ကွဲပြားခြားနားမှု စိစစ်ခြင်းဘောင်) မှသည် သီးခြားသတ်မှတ်ရွေးချယ်ထားသော ပထဝီဝင်နေရာဒေသတစ်ခုအတွင်း လူနှင့်ပတ်ဝန်းကျင်တို့၏ဆက်စပ်မှု (ဒေါင်လိုက်ကွဲပြားခြားနားမှု စိစစ်ခြင်း ဘောင်) များသို့ရွေှ့ပြောင်းလိုက်ခြင်းပင်ဖြစ်သည်။ ဤဝိသေသလက္ခဏရပ်ကြီးတွင် မှတ်သားစရာကောင်းသော အချက်(၂)ချက် ပါဝင်နေသည်ကို တွေ့ရှိရသည်။ ၎င်းတို့မှာ (၁) ကွဲပြားခြားနားမှုစိစစ်ခြင်းဘောင်သည် မြေပေါ် တွင် လူ၏အကျိုးသြဇာသက်ရောက်မှုနှင့် လူအပေါ်တွင်မြေ၏အကျိုးသြဇာသက်ရောက်မှုဟူ၍ နှစ်မျိုးနှစ်စားရှိ နေခြင်းနှင့် (၂) ပထဝီဝင်နည်းအရ စူးစမ်းလေ့လာနိုင်သော နေရာဒေသသည်ကြီးမားလွန်းလှသော ကမ္ဘာတစ်ခု လုံးအတိုင်းအတာမှသည် အလွန်သေးငယ်သောနေရာဒေသတစ်ခု ( ရပ်ကွက်၊မြေကွက်) အထိ အရွယ်ပမာဏ အမျိုးမျိုးရှိသည့်နေရာဒေသများ ဖြစ်နိုင်ခြင်းတို့ပင်ဖြစ်ပါသည်။

ဒေသန္တရဆိုင်ရာ သရုပ်ခွဲစိစစ်ခြင်း

       ပထဝီဝင်ပညာ၏ တတိယဝိသေသလက္ခဏာမှာဒေသန္တရဆိုင်ရာသရုပ်ခွဲစိစစ်ခြင်း (Regional Analysis) ဖြစ်သည်။ ၎င်းတွင်အထက်၌ဖေါ်ပြခဲ့သော နေရာအလိုက်ချဉ်းကပ်နည်း (Locational Approach) ရော ဂေဟ ဗေဒဆိုင်ရာချဥိးကပ်နည်း (Ecological Approach) ပါ (၂)မျိုးစလုံး ပေါင်းစပ်ပါဝင်ပေသည်။

       တနည်းအားဖြင့် ဒေသန္တရဆိုင်ရာသရုပ်ခွဲစိစစ်ခြင်းတွင် တည်နေရာဆိုင်ရာသရုပ်ခွဲစိစစ်ခြင်းနှင့် ပတ်ဝန်း ကျင်ဆိုင်ရာသရုပ်ခွဲစိစစ်ခြင်း (၂)မျိုးစလုံးပါဝင်သည်။ယင်းစိစစ်ခြင်းအမျိုးအစားသည် ကမ္ဘာ့မျက်နှာပြင်တွင် တစ်စုံတစ်ခုသော သတ်မှတ်စံ (Norm) တစ်ခုခုအရ ဆီလျော်သောနေရာအလိုက် အစိတ်အပိုင်းများကို ပိုင်း ခြားသတ်မှတ်ပါသည်။ ယင်းအစိတ်အပိုင်းများကို “ ဒေသများ” (Regions) ဟုခေါ်သည်။ ၎င်းနေရာအစိတ်အ ပိုင်းများ၏ ဒေသတွင်းရုပ်သွင် (Intra Regional Morphology) နှင့် ဂေဟဗေဒဆိုင်ရာဆက်နွယ်မှုများကို လေ့ လာခြင်းနှင့် ဒေသပြင်ပဆက်နွယ်မှုများ (Extra Regional Relations) စူးစမ်းလေ့လာခြင်းတို့သည် ပထဝီဝင်ပ ညာ၏ တတိယပဓာနကျသောဝိသေသလက္ခဏာရပ်ကြီးပင် ဖြစ်ပါသည်။

 

ပထဝီဝင်အသိအမြင်ကြွယ်စေချင်လွန်းလို့ (၅)

ပထဝီဝင်ပညာ၏ အနှစ်ပိုင်း

       အချို့ သောပထဝီဝင်ပညာရှင်များအတွက်ဆိုလျှင် ဒေသများပိုင်းခြားသတ်မှတ်တည်ဆောက်ခြင်း (ဒေသ တည်ဆောက်ခြင်း - Region Building ) (ဝါ) ကမ္ဘာ့မျက်နှာပြင်တွင်နေရာဒေသများ ခွဲခြားသတ်မှတ်ခြင်း  (Areal Differentiation of the Earth ‘s surface) ကို ပထဝီဝင်ပညာ၏ အနှစ်ပိုင်းဟု သတ်မှတ်ကြသည်။ အ ချို့ သောပထဝီဝင်ပညာရှင်များ၏အလိုအရဆိုလျှင် ပထဝီဝင်ပညာအတွင်းအထင်ပေါ်ဆုံးတိုးတက်မှုများသည် ပထဝီဝင်အခြင်းအရာတစ်ခုစီကို သီးသန့်ဇောင်းပေးလေ့လာသော စနစ်တကျခေါင်းစဉ်ခွဲလေ့လာမှုများ (Syste- matic Studies) မှ ဖြစ်ထွန်းရောက်ရှိလာသည်ကို တွေ့မြင်ရသည်ဟု ဆိုကြပြန်ပါသည်။ စနစ်တကျခေါင်းစဉ်ခွဲ ခြား၍ လေ့လာမှုများဖြစ်သော ရူပပထဝီဝင်၊ ရာသီဥတုပထဝီဝင်၊မြေဆီလွှာပထဝီဝင်၊လူမှုပထဝီဝင်၊စီးပွားရေး ပထဝီဝင်၊နိုင်ငံရေးပထဝီဝင် စသည်ဖြင့် ခေါင်းစဉ်ခွဲများအလိုက် သီးသန့်လေ့လာမှုများကို “ စနစ်တကျ ခေါင်း စဉ်ခွဲပထဝီဝင်” (Systemtic Geography) ဟုခေါ်ပါသည်။

       ယင်းစနစ်ကျခေါင်းစဉ်ခွဲပထဝီဝင်ဘာသာစိပ်များသည် မိမိတို့နှင့်နီးစပ်ရာပညာရပ်များနှင့်အတူတကွ ပူးတွဲ ၍ တိုးတက်လာလျက်ရှိသည်။ ဥပမာ ရူပပထဝီဝင်သည် ဘူမိဗေဒနှင့်လည်းကောင်း၊ ရာသီဥတုပထဝီဝင်သည် မိုးလေဝသပညာ၊ ရာသီဥတုသိပ္ပံနှင့်လည်းကောင်း၊မြေဆီလွှာပထဝီဝင်သည် မြေဆီလွာသိပ္ပံနှင့်လည်းကောင်း၊ လူမှုပထဝီဝင်သည် လူမှုရေးသိပ္ပံဘာသာရပ်များနှင့်လည်းကောင်း၊စီးပွားရေးပထဝီဝင်သည် စီးပွားရေးပညာ၊ ဘောဂဗေဒ၊ ဝါဏိဇ္ဇဗေဒ၊စာရင်းအင်းပညာတို့နှင့်လည်းကောင်း၊နိုင်ငံရေးပထဝီဝင်သည် နိုင်ငံရေးသိပ္ပံနှင့် လည်း ကောင်း အတူတကွပူးတွဲပြီး တိုးတက်လာသည်ကိုတွေ့ရပါသည်။

       ပထဝီဝင်ပညာရပ်နယ်ပယ်အတွင်းတွင် ဒေသန္တရချဉ်းကပ်နည်း (ဝါ)ဒေသများခွဲခြား၍ လေ့လာနည်း (Regional Approach) နှင့် စနစ်တကျချဉ်းကပ်လေ့လာနည်း (Systematic Approach) တို့တွင်မည်သည့်ချဉ်း ကပ်နည်းကပို၍ အရေးပါသည်ဆိုသောအချက်မှာ ပထဝီဝင်နည်းလမ်းဆိုင်ရာ ငြင်းခုံဆွေးနွေးပွဲ၏ ဒုတိယပြဿ နာနယ်ပယ်ဖြစ်ပေသည်။ယုတ္တိဗေဒသဘောတရားအရ ပထဝီဝင်ပညာ၏စူးစမ်းလေ့လာရာ အရာ (Subject Matter) ကိုခွဲခြမ်းစိပ်ဖြာခြင်းမပြုနိုင်ငြားသော်လည်း ကမ္ဘာ့မျက်နှာပြင်အားစူးစမ်းလေ့လာမှုကိုမူ အစိတ်အပိုင်း များခွဲခြားရန်လိုအပ်လာသည်။ သို့မှသာနိုင်နိုင်နင်းနင်းနှင့် ထိထိရောက်ရောက်စူးစမ်းလေ့လာနိုင်မည်ဖြစ်ပေ သည်။ဤကဲ့သို့ခွဲခြားခြင်းကို အစဉ်အလာအားဖြင့်နည်းလမ်း(၂)သွယ်ဖြင့် ဆောင်ရွက်ကြသည်။ ၎င်းတို့မှာ - (၁)ကမ္ဘာ့မျက်နှာပြင်၏ အစိတ်အပိုင်းတစ်ခုစီ (ဒေသတစ်ခုစီ) ကို အသေးစိပ်လေ့လာခြင်းနှင့်

(၂)ထင်ရှားသောအင်္ဂါရပ်တစ်ခုခုပေါ်တွင် အမှီပြုပြီး ကမ္ဘာ့မျက်နှာပြင်တစ်ခုလုံးပေါ်တွင် ၎င်းအင်္ဂါရပ် (အခြင်း အရာ) စနစ်တကျပျံ့ နှံ့ပုံကိုလေ့လာခြင်းတို့ ဖြစ်သည်။

       အမှတ်စဉ်(၁) ချဉ်းကပ်နည်းကို ဒေသန္တရပထဝီဝင် (Regional Geography) ဟုခေါ်ဝေါ်ပြီး အမှတ် (၂) ချဉ်းကပ်နည်းကို စနစ်တကျခေါင်းစဉ်ခွဲပထဝီဝင် (Systematic Geography) ဟုခေါ်ကြသည်။

 

ဒေသန္တရ ပထဝီဝင်

       ဒေသန္တရ ပထဝီဝင်ဆိုင်ရာစူးစမ်းလေ့လာမှုများသည် ဝိသေသလက္ခဏာရပ်များအရ ကျယ်ကျယ်ပြန့်ပြန့် အခြေပြုထားသည်။ ဒေသန္တရ  ပထဝီဝင်လေ့လာမှုတွင် နေရာဒေသတစ်ခု၏ ပတ်ဝန်းကျင်ကိုသာမက ယင်း နေရာဒေသရှိ လူဦးရေ၊ လူဦးရေဆိုင်ရာလက္ခဏာများ (Demographic Characteristics) လုပ်ငန်းဆိုင်ရာဖွဲ့ စည်းမှု (Occupational Structure) (ဥပမာ - ပထမအဆင့် ၊ ဒုတိယအင့် ၊ တတိယအဆင့်နှင့်စတုတ္ထအဆင့်  လုပ်ငန်းစုများ)၊လူမှုရေးနှင့်နိုင်ငံရေးဆိုင်ရာအပြုအမူများ (Social and Political Behaviours) (ဥပမာ - ပြောင်း ရွေှ့နေထိုင်ခြင်းများ (Migrations) နှင့် မဲပေးမှုဆိုင်ရာအဆင်ပုံစံများ (Voting Patterns) စသည်တို့ကိုပါ ထည့် သွင်းစဉ်းစားပေးသည်။ နေရာဒေသအစိတ်အပိုင်းတစ်ခုစီ၏ နေရာအလိုက်ဖွဲ့စည်းမှု (Spatial Organization) အလေးအနက်ပြုထားသည်။တစ်စုံတစ်ခုသောနေရာဒေသများရှိ သက်ဆိုင်ရာပတ်ဝန်းကျင်နှင့် လူဦးရေလက္ခ ဏာရပ်များတို့၏ ဤသို့သော ဖွဲ့စည်းမှုများ (Associations) သည်စူးစမ်းလေ့လာနေသော ယေဘုယျဒေသကြီး တစ်ခုအတွင်း၌ သီးခြားထင်ရှားသောဒေသငယ်များ (ဝါ) ဒေသခွဲများ (Subregions) ကိုရရှိလာစေသည်။သက် သေအထောက်ထားရရှိနိုင်သည့်နေရာဒေသတွင် ဒေသန္တရဖွဲ့စည်းမှုများ (Regional Structures)သည် အချိန် ကာလကိုလိုက်၍ တည်ငြိမ်မှု (Stability) သို့မဟုတ် မတည်ငြိမ်မှု (Instability) ကိုအလေးထား၍ လေ့လာ သည်။အဆိုပါဒေသန္တရဖွဲ့စည်းမှုများသည်တည်ငြိမ်သည် သို့မဟုတ် လူတို့၏မွမ်းမံပြင်ဆင်မှုများကိုခံစားရသည် ဆိုသောအချက်ကိုဖေါ်ထုတ်ရန်ဖြစ်သည်။ ၎င်းဒေသန္တရ ပထဝီဝင်လေ့လာမှုမျိုး၏ ဝိသေသလက္ခဏာမှာ နေရာ ဒေသတစ်ခုအတွင်းရှိအခြင်းအရာများကို စုစည်းပေးရန်ကြိုးစားသည်။ အခြင်းအရာများအကြား  များပြားရှုပ် ထွေးသောဆက်နွယ်မှုများကို တွေ့ရှိရသည်။ဤကဲ့သို့ သောရှုပ်ထွေးမှုကို ပိုမိုရှင်းလင်းလွယ်ကူသောပုံစံတစ်ခု ဖြင့် လေ့လာနိုင်စေရန် စနစ်များသရုပ်ခွဲစိစစ်ခြင်း (Systems Analysis)က အထောက်အကူပြုနိုင်သည်။ ပိုမိုနား လည်သဘောပေါက်လွယ်စေနိုင်ရုံသာမက ပုံစံများ (Models) ကိုပင်တည်ဆောက်ပေးနိုင်ပေသည်။

ပထဝီဝင်အသိအမြင်ကြွယ်စေချင်လွန်းလို့ (၆)

စနစ်တကျခေါင်းစဉ်ခွဲ ပထဝီဝင်

       ပထဝီဝင်ပညာတွင် စနစ်တကျခေါင်းစဉ်ခွဲလေ့လာခြင်းသည် လူမှုပတ်ဝန်းကျင် (Human Envir- nment) သို့မဟုတ် လူဦးရေနှင့် စပ်လျဉ်းသောအချက်အလက်တစ်ခု သို့မဟုတ် အချက်အလက်အ နည်းငယ်ကို ထုတ် ယူပြီး ယင်းအချက်အလက်များသည် ကြိုတင်သတ်မှတ်ထားသော ပထဝ်ီဝင်နေရာ ဒေသတစ်ခုအတွင်း၌ ဆောင်ရွက်မှုများမည်ကဲ့သို့ပြောင်းလဲသွားသည်ဆိုသော အချက်ကိုစူးစမ်းလေ့ လာသည်။အဆိုပါ စူးစမ်း လေ့ လာမှုအမျိုးအစားကို မည်ကဲ့သို့ပြောင်းလဲသွားသည်ဆိုသောအချက်ကို စူးစမ်းလေ့လာသည်။ စူးစမ်းလေ့လာမှု အမျိုးအစားကိုသက်ဆိုင်ရာအခြင်းအရာအားရည်ညွှန်း၍ အမည် ပေးလေ့ရှိသည်။သို့မဟုတ် ၎င်းအခြင်းအရာ နှင့်စပ်လျဉ်းသော သဘာဝသိပ္ပံ သို့မဟုတ် လူမှုသိပ္ပံပညာ ရပ်၏ ဘာသာစိပ်(ဝါ) ဘာသာခွဲတစ်ခုခုကိုရည်ညွန်း ပြု၍လည်း အမည်ပေးလေ့ရှိသည်။ သို့ဖြစ်ရာ မဲ ပေးခြင်းအပြုအမူ (Voting Behaviour)ဆိုင်ရာ နေရာအ လိုက်သရုပ်ခွဲစိစစ်မှုကို ရွေးချယ်တင်မြှောက် ပွဲဆိုင်ရာပထဝီဝင် (Electoral Geography) ဟုပထမအညွှန်း (First Labell) ပြုနိုင်သည်။ သို့မဟုတ် နိုင်ငံရေးရာပထဝီဝင် (Political Geography)ဟု ဒုတိယအညွန်း (Second Labell) တပ်နည်းမှာ စာ ကြည့်တိုက်တွင် စာအုပ်အမျိုးအစားခွဲခြားရာ၌ အခက်အခဲဖြစ်စေတတ် သည်။ပထဝီဝင်အောက်တွင် တစ်စုတစည်းတည်းထားရှိရမည့်အစား အမျိုးမျိုးကွဲပြားခြားနားသောခေါင်း စဉ်များအောက်တွင်စင်တင် သိမ်းဆည်းခြင်းကို ကြုံတွေ့ရတတ်ပေသည်။

အကြောင်းအရာထပ်မှု

       ပထဝီဝင်ပညာနှင့်စနစ်တကျခေါင်းစဉ်ခွဲလေ့လာသည့်ပညာရပ်တစ်ခုခုအကြားတွင် ယေဘုယျအားဖြင့် အကြောင်းအရာထပ်မှု (Overlap) သုံးမျိုးသုံးစားရှိသည်ကို တွေ့ရသည်။ယခု ဤနေရာတွင်  ပထဝီဝင်ပညာ (Geography) နှင့်နိုင်ငံရေးသိပ္ပံ (Political Science) တို့အကြား အကြောင်းအရာထပ်မှုအထောက်အထားပြု၍ တင်ပြလိုပါသည်။

       (၁) ပထမအမျိုးအစားတွင် ပုံဆွဲခြင်းနည်းလမ်းများ သို့မဟုတ် တည်နေရာဆိုင်ရာနည်းလမ်းများ (Carto- graphic or Locational Methods) ကိုအသုံးပြုနိုင်သည်။ကမ္ဘာ့မျက်နှာပြင်ပေါ်တွင် နိုင်ငံရေးဆိုင်ရာအခြင်းအ ရာများပျံ့ နှံ့ပုံကို စူးစမ်းလေ့လာနိုင်ရန်အတွက် မြေပုံရေးဆွဲခြင်းဖြင့်စဉ် (ဝါ) နေရာသတ်မှတ်ခြင်းဆိုင်ရာဖြစ်စဉ် (Mapping or Allocational Process) တစ်ခုအနေဖြင့်အသုံးပြုနိုင်ပေသည်။

       (၂) ဒုတိယအမျိုးအစားတွင်မူ ပထဝီဝင်ပညာရှင်တို့သည် ပိုမိုကျယ်ပြန့်သောပထဝီဝင်ဆိုင်ရာ စူးစမ်းလေ့ လာမှုတစ်ခုအတွက် နိုင်ငံရေးအခြင်းအရာများကို အကြောင်းရင်းခံအချက်အလက်များ (Causal Factors) အ နေဖြင့်အသုံးပြုနိုင်သည်။သို့ဖြစ်ရာဒေသတစ်ခုအတွင်းရှိ မြေအသုံးချမှုအမျိုးအစားများနှင့် မြို့ ပြဆောင်ရွက်မှု လုပ်ငန်းများ၏ ကွဲပြားခြားနားသောပျံ့ နှံ့မှုများကို ပထဝီဝင်နည်းအရ စူးစမ်းလေ့လာခြင်းသည် အပြည်ပြည်ဆိုင် ရာ နယ်နိမိတ်တစ်ခု၏တည်နေရာနှင့်ယင်း၏ပိတ်ဆို့အကျိုးသက်ရောက်မှုတို့နှင့်နီးကပ်စွာဆက်စပ်နေနိုင်သည်။

       (၃) တတိယအမျိုးအစားတွင် နိုင်ငံရေးသိပ္ပံပညာရှင်များသည် ပထဝီဝင်အခြင်းအရာများကို နိုင်ငံရေးလေ့ လာမှုအတွက် အကြောင်းရင်းခံအချက်အလက်များအနေဖြင့် ယူဆကောင်းယူဆပေလိမ့်မည်။ သို့ဖြစ်ရာ နယ်နိ မိတ်ဖြတ်သန်းသွားသောဒေသများ၏ နှိုင်းဟပ်တည်နေရာများ (Relative Location) ကိုလည်းကောင်း ကောင်း စွာအလေးနက်ထားပေမည်။ချဉ်ကပ်လေ့လာမှု (၃)မျိုးကိုအတိုကောက်အားဖြင့်မှတ်ယူလျှင်(၁) နိုင်ငံရေးအခြင်း အရာများ၏ ပထဝီဝင် (The Geography of Political Phenomena) ၊(၂) ပထဝီဝင်နောက်မှ နိုင်ငံရေး (The Politics Behind Geography) နှင့် (၃) နိုင်ငံရေးနောက်မှ ပထဝီဝင် (The Geography  Behind Politics) တို့ ဖြစ်ကြသည်။

ပထဝီဝင်၏ အနှစ်ပိုင်းမှဝေးလေလေ

       သဘာဝသိပ္ပံ သို့မဟုတ် လူမှုရေးသိပ္ပံပညာရပ်များမှ ဘာသာခွဲတစ်ခုခုကိုအထက်ပါအတိုကောင်ပုံစံတွင် အစားထိုးလိုက်ရုံသာရှိပါသည်။ ဥပမာ- နိုင်ငံရေးသိပ္ပံ၏နေရာတွင် ဇလဗေဒဒ (Hydrology) သို့မဟုတ် လူဦး ရေပညာ (Demography) ကိုအစားထိုးနိုင်သည်။ဤသို့ဖြင့် ၎င်းပညာရပ်နယ်ပယ်တွင်အကျုံးဝင်သည့်စာအုပ် စာတမ်းအမျိုးမျိုးကို ဖတ်ရှုလေ့လာရသည်။ယင်းစာအုပ်စာတမ်းများမှာ ပထဝီဝင်ပညာရပ်နှင့်ဆက်နွယ်နေမည်။ (ဥပမာ - အသေးစိတ်ဒေသန္တရအချက်အလက်များ)။ ပထဝီဝင်ဘာသာစကား (ဥပမာ - ပုံဆွဲစိစစ်ခြင်း - Cart- ographic Analysis) နှင့်လည်းဆက်နွယ်နေမည်။ဤသို့ဇောင်းပေးမှုသည် ပထဝီဝင်ပညာရပ်နယ်ပယ်၏ အနှစ် ပိုင်း (ဝါ) ဗဟို (Core Area) မှ ရွေ့လျားဝေးကွာသွားလေလေ၊ တနည်းအားဖြင့် အခြားသောပညာရပ်နယ်ပယ် တစ်ခုခု၏ ဗဟိုအရပ်သို့နီးကပ်သွားလေလေ ဇောင်းပေးမှုလျော့နည်းသွားလေလေဖြစ်သည်။

အစဉ်တိုးတက်သစ်လွင်နေမည့်

       ပထဝီဝင်ပညာတွင်အတိတ်ကာလမှ အတွေးအခေါ်၊ အယူအဆသဘောထားဟောင်းများ ခိုင်မြဲစွာ တည် ရှိပြီးဖြစ်သကဲ့သို့ယနေ့မျက်မှောက်ခေတ်အတွေးအခေါ်အယူအဆသဘောထားအသစ်များမှာလည်း စဉ်ဆက်မ ပြတ်ပေါ်ထွန်းလာလျက်ရှိပေသည်။တနည်းအားဖြင့်ဆိုသော် ပထဝီဝင်ပညာရပ်သည် မြို့ကြီးတစ်မြို့ (A City) နှင့်အလားသဏ္ဍာန်တူပေသည်။ ယင်းမြို့ကြီးတွင်သက်တမ်းအမျိုးအစားရှိသော ခရိုင်ဒေသများပါဝင်ပေမည်။ ၎င်းတို့အနက် အချို့သောခရိုင်ဒေသများသည် နှစ်ပေါင်းတစ်ရာကျော်ခန့်ပင်သက်တမ်းကြာမြင့်ခဲ့ပြီးဖြစ်သဖြင့် တစ်ခါတစ်ရံပြန်လည်ပြုပြင်မွမ်းမံရန်လိုအပ်နေပေသည်။ တချိန်တခါတုန်းက ခေတ်စားကျော်ကြားခဲ့သော နေ ရာဒေသများသည် ယခုအခါခေတ်မမီတော့ဘဲဖြစ်နေသည်။ အချို့ကိုမူပြန်လည်ပြုစုပျိုးထောင်ပေးနေရသည်။ အခြားသောခရိုင်ဒေသများကိုမူ မကြာသေးမီကအချိန်ကမှသာလျင်မြန်စွာ တိုးချဲ့တည်ဆောက်ခဲ့သည်။အချို့ နေရာဒေသများမှာ ကောင်းမွန်ခိုင်ခံ့စွာတည်ဆောက်ထားသည်။ သို့သော် တချို့မှာမူတောင့်တင်းခိုင်မာမှုမရှိ ဘဲအားအင်ချိနဲ့လျက်ရှိသည်။ အကယ်၍ ပထဝီဝင်ပညာကို မြို့ကြီးတစ်မြို့နှင့်ပုံနှိုင်းကြည့်ပါမူ ပထဝီဝင်မြို့ကြီး သည် ၎င်း၏အလယ်ခေတ်နံရံတံတိုင်းကြီးများကို ကျော်လွန်ပြီးအခြားသောပညာရပ်များနှင့် ထိစပ်လာသည်အ ထိ တိုးချဲ့ပြန့်ကားလာသည်။သို့ဖြစ်ရာ ပထဝီဝင်ပညာနှင့်စပ်လျဉ်း၍ အဘိဓာန်၏အဓိပ္ပါယ်သတ်မှတ်ချက်မှာ တစ်စုံတစ်ခုသောအချိန်ကာလ သို့မဟုတ် အဆင့်၌မြင်တွေ့ရမည့်အစဉ်တိုးတက်ပြောင်းလဲနေသော ပညာရပ် တစ်ခု၏တစ်စိတ်တစ်ပိုင်းကိုသာ ကိုယ်စားပြုလျက်ရှိပေသည်။

 

ပထဝီဝင်အသိအမြင်ကြွယ်စေချင်လွန်းလို့ (၇)

       ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ပညာရေးသမိုင်းတွင်အရည်အချင်းမီသူနိုင်ငံသားတိုင်း အဆင့်မြင့်ပညာ လက်ဝယ်ပိုင်ဆိုင်သင်ယူခွင့်ရရှိရေးအတွက် သမာရိုးကျတက္ကသိုလ်နှင့်ဒီဂရီကောလိပ်၊ ကောလိပ်များအပြင် သက်ကြီးတက္ကသိုလ်၊ ညနေသင်တန်းများ၊ ပြင်ပဝိဇ္ဇာစာမေးပွဲများ၊ လုပ်သားများကောလိပ်နှင့်တက္ကသိုလ်စာပေး စာယူသင်တန်းကဲ့သို့သော အထောက်အကူပြုလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ခဲ့သည်မှာအမျိုးသားလွတ် လပ်ရေးသမိုင်းစဉ်နှင့်အမျှဖြစ်သည်။

       ယနေ့ဆိုလျှင်အဆင့်မြင့်ပညာရေးကိုဖြန့်ဝေပေးရာ၌ နိုင်ငံတော်တွင်အမြင့်မားဆုံးနှင့်အကျယ်ပြန့်ဆုံးဖြစသော အဝေးသင်တက္ကသိုလ်တစ်ခုပေါ်ပေါက်ခဲ့ပြီးဖြစ်သည်။ ၁၉၉၂ ခုနှစ် ဇူလိုင်လ (၉)ရက်အတွင်း၌ မြန်မာနိုင် ငံပညာရေးသမိုင်းတွင် ပထမဆုံးသောအဝေးသင်တက္ကသိုလ်ကြီး မားမားမတ်မတ်ပေါ်ထွန်းလာခဲ့သည်။

       အဝေးသင်တက္ကသိုလ်၏ရည်ရွယ်ချက်များမှာ -   

(၁) အဆင့်မြင့်ပညာကိုငွေကုန်ကြေးကျသက်သာစွာဖြင့် မိမိအရပ်ဒေသ၊ မြို့ရွာ၊ နေအိမ်၊ မိသားစု၊ အလုပ်ခွင်မှ မခွာရဘဲသင်ယူနိုင်စေရန် ၊

(၂) အဆင့်မြင့်ပညာကို မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် နယ်စပ်ဒေသပါမကျန်သင်ယူနိုင်စေရန် ၊

(၃) အခြားတက္ကသိုလ်များမှပေးအပ်သောပညာရပ်ဘွဲ့အဆင့်ထက်မနိမ့်ကျသော ဘွဲ့များအပ်နှင်းရန် ၊

(၄) အဆင့််မြင့်ပညာကို ကျယ်ကျယ်ပြန့်ပြန့်သင်ယူနိုင်ခြင်းဖြင့် ပညာတတ်လူငယ်များနိုင်ငံအကျိုးကို ပိုမိုထိ ရောက်စွာသယ်ပိုးဆောင်ရွက်နိုင်ရန် - တို့ဖြစ်ကြသည်။

       အဝေးသင်တက္ကသိုလ်တွင် ကျန်တက္ကသိုလ်များနှင့်မတူဘဲထူးခြားချက်များရှိနေသည်။ ၎င်းတို့အနက် တစ် ချက်မှာ ဤတက္ကသိုလ်တွင်မြန်မာပြည်အနှံ့ ဌာနခွဲပေါင် (၂၂) ခုရှိနေခြင်းဖြစ်ရာ ၎င်းအရေအတွက်မှာ အခြေအ နေပေးသည်နှင့်အမျှ ပို၍ပို၍များပြားလာနိုင်သည်။ ၁၉၉၅ ခုနှစ် ပညာသင်နှစ်အတွင်း အဝေးသင်တက္ကသိုလ် ငကျောင်းသားပေါင်း ၁၇၉၅၇၅ ဦးသည် ယင်းဌာနများတွင်ပညာဆည်းပူးလျက်ရှိကြသည်။ု

       အဝေးသင်တက္ကသိုလ်တွင် ဝိဇ္ဇာအထူးပြုဘာသာ (၅) မျိုး၊ သိပ္ပံအထူးပြုဘာသာ (၅) မျိုး၊ ဥပဒေအထူးပြု ဘာသာနှင့် စီးပွားရေးအထူးပြုဘာသာတို့ကို သင်ကြားပို့ချပေးလျက်ရှိသည်။ ဝိဇ္ဇာအထူးပြုဘာသာ (၅) မျိုးမှာ - (၁) မြန်မာစာ (၂) သမိုင်း (၃) ပထဝီဝင် (၄) ဒဿနိကဗေဒ  နှင့် (၅) စိတ်ပညာတို့ ဖြစ်သည်။၎င်းတို့အနက် မြန်မာစာ၊သမိုင်းနှင့် ပထဝီဝင်အထူးပြုများကို အဝေးသင်တက္ကသိုလ်ဌာနခွဲတိုင်းတွင် လက်ခံသင်ကြားပို့ချလျက် ရှိသည်။

 

ပထဝီဝင်ပညာ

       နိုင်ငံတစ်နိုင်ငံဖြစ်တည်မှုအတွှက် (၁) မြေနေရာ - Space ၊ (၂) လူ - Man ၊ နှင့် (၃) အချိန်တာ - Time ဟူသော အဓိကအင်္ဂါရပ်ကြီး သုံးရပ်လိုအပ်သည်။ မြေနေရာနှင့် လူကို ပထဝီဝင်ပညာက ဦးစားပေးလေ့လာပြီး၊ လူနှင့် အချိန်တာကို သမိုင်းပညာက အလေးပေးလေ့လာသည်။ လူသည် ဘုံအင်္ဂါဖြစ်သည်။ ထို့ကြောင့် ယေဘ ယျအားဖြင့် ပထဝီဝင်သည် မြေနေရာနှင့်အဓိကသက်ဆိုင်ပြီး သမိုင်းသည် အချိန်တာနှင့် အဓိကဆက်နွယ် သည်ဟူ၍ ဆိုနိုင်သည်။ သမိုင်းကိုလေ့လာရာတွင် အတိတ်ကအမှားမျိုးထပ်မမှားရအောင်သင်ခန်းစာယူပြီး ဆင် ခြင်တုံတရားဖြင့်ရှောင်ရှားကာအမှန်ကိုဆောင်ယူနိုင်သည်။အားနည်းချက်များကို အားသာလာအောင်နှင့် အား သာချက်များကို ပိုမိုအားကောင်းလာအောင် သတိတရားဖြင့်ဆောင်ရွက်နိုင်သည်။ ဤသို့ဖြင့် သာယာလှပသော အနာဂတ်ကိုဖြစ်ပေါ်စေနိုင်သည်။ အလားတူပင် ပထဝီဝင်ကိုလေ့လာခြင်းအားဖြင့် သဘာဝသယံဇာတပစ္စည်း များ၊ အရင်းအမြစ်များ၊ လူသားများ၏သဘောသဘာဝများနှင့် ပြန့်နှံ့တည်ရှိပုံ၊ ယင်းတို့ကိုသက်ဆိုင်ရာနိုင်ငံနှင့် ဒေသအတွက် ထုတ်ယူသုံးစွဲပုံ၊ စနစ်တကျ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပုံ၊ ကြုံတွေ့ရသောအခက်အခဲနှင့် ပြဿနာများ၊ယင်းတို့ကိုဖြေရှင်းပေးနိုင်မည့်နည်းလမ်းများစသည်တို့ကို နားလည်သဘောပေါက်နိုင်သညဤသို့ ဖြင့် စိတ်ဓာတ်၊ စည်းကမ်း ၊ ကြံ့ခိုင်၊စည်းရုံးသည့် နိုင်ငံသားကောင်းများပေါ်ထွန်းနိုင်ပြီး အေးချမ်းသာယာ၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော အနာဂတ်မြန်မာနိုင်ငံတော်ကြီးကို ဖန်တီးတည်ဆောက်နိုင်စေမည်ဖြစ်သည်။

       ထို့ပြင် ပထဝီဝင်နှင့်သမိုင်းဘာသာသည် သုံးနှင့်လေးကဲ့သို့ နီးနီးကပ်ကပ်ဆက်စပ်လျှက်ရှိသည်။ နိင်ငံ တစ်နိုင်ငံအဖို့ နေရာနှင့်အချိန်သည်ဧကန်စင်စစ်ရပ်တည်လျက်ရှိသည်ဟူသောအချက်ကို မည်သူမျှမငြင်းနိုင် လျှင် “ပထဝီဝင်နှင့်သမိုင်းသည်နိုင်ငံတစ်နိုင်ငံအတွက်မရှိမဖြစ်လိုအပ်သောရင်ချင်းဆက်အမွှာတစ်စုံဖြစ်သည်” ဟူသောအဆိုကို လူတိုင်းလက်ခံရမည်ဖြစ်သည်။

       ပထဝီဝင်ပညာဆိုသည်မှာ ကမ္ဘာ့မျက်နှာပြင်ပေါ်တွင် နေရာဒေသနှင့်အချိန်ကာလကိုလိုက်၍ ကွဲပြားခြား နားစွာပြန့်နှံ့တည်ရှိကြသော အချင်းအရာများ (Phenomena) ကိုစနစ်တကျစူးစမ်းလေ့လာ ရှင်းလင်းတင်ပြ သည့်ပညာရပ်ဖြစ်သည်။ အချို့က ပထဝီဝင်ကို ဝိဇ္ဇာဟုသတ်မှတ်ပြီး ၊ အချို့က သိပ္ပံဟုသတ်မှတ်ကြသည်။ အကယ်စင်စစ်မူ ပထဝီဝင်သည်ဝိဇ္ဇာတစ်ပိုင်း ၊ သိပ္ပံတစ်ပိုင်း ပညာရပ်သာဖြစ်သည်။ဝိဇ္ဇာနှင့်သိပ္ပံကိုပေါင်းကူး ပေးနိုင်သော တစ်ခုတည်းသောပညာရပ် ဖြစ်သည်။

       ပညာရပ်တစ်ခုအနေဖြင့် ဝိဇ္ဇာဖြစ်သည် သို့မဟုတ် သိပ္ပံဖြစ်သည်ဟူသောအချက်မှာ ပဓာနမကျဘဲ ယင်း ပညာရပ်သည် သက်ဆိုင်ရာလူ့အဖွဲ့အစည်း ၊ သက်ဆိုင်ရာတိုင်းပြည်နှင့်လူမျိုးအတွက် မည်သည့်အတိုင်းအ တာအထိ ထိထိရောက်ရောက်အကျိုးဖြစ်ထွန်းစေနိုင်သည်၊အထောက်အကူဖြစ်စေနိုင်သည်ဆိုသောအချက် သည်သာ ပဓာနကျသည်ဟုယူဆသည်။

 

 

ပထဝီဝင်အသိအမြင်ကြွယ်စေချင်လွန်းလို့ (၈)

       ဥပမာ - အိမ်တစ်အိမ်တည်ဆောက်သည့်လုပ်ငန်းမှအစ မြို့တည၊်တံတားဆောက်၊လမ်းဖောက်သည့် လုပ်ငန်းများ၊ အလယ် - ရန်သူအုပ်စီးထားသည့်နယ်မြေတစ်ခုသို့ထိုးဖေါက်ဝင်ရောက်သိမ်းပိုက်သည့် စစ်မက် ရေးရာလုပ်ငန်းအဆုံး အလုံးစုံသောကိစ္စအဝဝတို့တွင် ပထဝီဝင်ပညာ၏အဓိကလက်နက်ဖြစ်သော မြေပုံများ ကို မဖြစ်မနေအသုံးချကြရသည်ဖြစ်ရာ ပထဝီဝင်သည်လူ့ဘောင်လောကတစ်ခုလုံးအတွက် အသက်တမျှအရေး ပါအရာရောက်သောပညာရပ်တစ်ခုဖြစ်သည် ဆိုသောအချက်ကို မည်သူမျှငြင်းပယ်နိုင်မည်မဟုတ်ချေ။

 

       အဝေးသင်တက္ကသိုလ် ဝိဇ္ဇာ (ပထဝီဝင်အထူးပြု)ကျောင်းသားကျောင်းသူများသည် ပထမနှစ်မှစ စတုတ္ထ နှစ်အထိ ပထဝီဝင်အထူးပြုသင်ရိုးများနှင့် အထောက်အကူပြုဘာသာရပ်သင်ရိုးများကို သင်ယူကြရသည်။ ထို့ အပြင် သမိုင်းအထူးပြု၊ ဒဿနိကအထူးပြုနှင့် စီးပွားရေးပညာအထူးပြု ကျောင်းသားကျောင်းသူများသည်လည်း ပထဝီဝင်ဘာသာ သင်ရိုးအချို့ကိုအထောက်အကူပြုဘာသာရပ်အနေဖြင့် သင်ယူကြရသည်။

(၁) ပထမနှစ် ဝိဇ္ဇာတန်းတွင် ပထဝီဝင်အထူးပြု ကျောင်းသားကျောင်းသူများသည် သီအိုရီသင်ရိုး G.101A (Elements of Geography) နှင့် လက်တွေ့သင်ရိုး G.101 B (Practical Geography) ကို သင်ယူကြရသည်။ ယင်းသင်ရိုးများကို ပထမနှစ် ဝိဇ္ဇာ သမိုင်းနှင့်ဒဿနိကဗေဒအထူးပြု ကျောင်းသားကျောင်းသူများသည်လည်း သင်ယူကြရသည်။ ထို့အပြင် ပထမနှစ် စီးပွားရေးအထူးပြု ကျောင်းသားကျောင်းသူများအတွက် ပထဝီဝင်သင် ရိုး G.101 (Economic Geography)ကို အထောက်အကူပြုဘာသာအဖြစ် သင်ကြားပို့ချပေးသည်။

(၂) ဒုတိယနှစ်ဝိဇ္ဇာတန်းတွင် ပထဝီဝင်အထူးပြုများသည်သီအိုရီသင်ရိုး G.211 (Economic Geography) နှင့် G.12/213 (Geography of Europe and the Americas)၊ လက်တွေ့သင်ရိုး G.214 (Practical Geography – Determination Latitude and Longitude  Map Projections (simple cases), Cartography) တို့ကို

သင်ယူကြရသည်။ ထို့အပြင် ဒုတိယနှစ်ဝိဇ္ဇာ သမိုင်းအထူးပြု ကျောင်းသားကျောင်းသူများအတွက် အထောက် အကူပြုဘာသာအဖြစ် ပထဝီဝင်သင်ရိုး G.201 (Geography of the World  and Myanmar) ကိုသင်ကြားပို့ချ ပေးသည်။

(၃) တတိယနှစ်ဝိဇ္ဇာတန်းတွင် ပထဝီဝင်အထူးပြုကျောင်းသားကျောင်းသူများသည် သီအိုရီသင်ရိုးများအနေနှင့် G.11/312 (Geography of Soils/Biogeography) G.313 (Human Geography) G.314/315 (Geogra- phy of Africa/Geography of Oceania and Antarctica) တို့ကိုလည်းကောင်း၊ လက်တွေ့သင်ရိုးများအနေ နှင့် G.316 ( Practical Geography , Topographic Maps , Statistical Techniques in Geography, Map  Projections and Surveying) ကိုလည်းကောင်း သင်ယူကြရသည်။ ထို့အပြင် တတိယနှစ်ဝိဇ္ဇာ သမိုင်းအထူး ပြု ကျောင်းသားကျောင်းသူများအတွက် ပထဝီဝင်သင်ရိုး G.301 (Political Geography) ကို အထောက်အကူ ပြုဘာသာအဖြစ် သင်ကြားပို့ချပေးသည်။

(၄) နောက်ဆုံးနှစ်ဖြစ်သော စတုတ္ထနှစ်ဝိဇ္ဇာတန်းတွင် ပထဝီဝင်အထူးပြု ကျောင်းသားကျောင်းသူများသည် သီ အိုရီသင်ရိုးများအနေနှင့် G.411 (Geomorphology) , G.412 (Political Geogoraphy),G.413 (Geographyof  Myanmar), နှင့် G.414 (Geography of Asia) တို့ကိုသင်ယူကြရသည်။ လက်တွေ့သင်ရိုး G.415 (Pract- ical  Geography ) အနေနှင့် Inferential Statistics, Field Training နှင့် Aerial Photo Interpretation  တို့ကိုသင်ကြားပို့ချပေးသည်။

 

 

ပထဝီဝင်အသိအမြင်ကြွယ်စေချင်လွန်းလို့ (၉)

ပထမနှစ်ပထဝီဝင်သင်ရိုးများအား ဆန်းစစ်ခြင်း

       ပထမနှစ်ပထဝီဝင်အထူးပြု ကျောင်းသားကျောင်းသူများသည် သီအိုရီသင်ရိုးအဖြစ် G.101A ( Elements of Geography) ကို သင်ယူကြရသည်။ သင်ရိုးစာအုပ်သည် အရွယ်ပမာဏ အလျား ၇.၄ လက်မ၊ အနံ ၅.၅ လက်မ၊ အထူ ၁ လက်မရှိသည်။ Lession Units ၂ဝခု ပါဝင်သည်။ ၎င်းအနက် Unit ၁၅ခုမှာ Physical Elements  of Geography နှင့်သက်ဆိုင်ပြီး ၊ ကျန် ၅ခုမှာ Human Elements of Geography နှင့်သက်ဆိုင် သည်။ Physical Geography သင်ရိုးကိုလေ့လာသောအခါ အဓိကသင်ခန်းစာခေါင်းစဉ်များမစတင်မီ (၁) Physical Geography ၏ အနက်အဓိပ္ပါယ်၊ (၂) ယင်းသင်ရိုး၏ အရေးကြီးပုံ ၊(၃) သင်ရိုး၏အဓိကရည်မှန်းချက် ၆ ရပ်၊ (၄) သင်ရိုး၏ဒီဇိုင်းတို့ကို ဖော်ပြထားရုံသာမက Geography and Supporting Fields Internal Structure of  Geography တို့ကို Flow charts and diagrams များဖြင့်ရှင်းလင်းစွာဖော်ပြထားသည်။ ကျမ်း ကိုးအနေဖြင့် လေ့လာဖတ်ရှုထိုက်သောခေတ်မီစာအုပ်အချို့ကိုလည်းဖော်ပြထားသည်။ ပထဝီဝင်ပညာနှင့်စပ်  လျဉ်း၍ ခေတ်အဆက်ဆက် ပညာရှင်အသီးသီးတို့၏အနက်အဓိပ္ပါယ်ဖွင့်ဆိုချက်များကိုလည်း တွေ့ရသည်။ ဤ နိဒါန်းပိုင်းကို မဖြစ်မနေလေ့လာဖတ်ရှုပြီးမှသာ ကျန်သင်ခန်းစာများကိုဆက်လက်လေ့လာသင့်သည်။

       Physical Geography တွင်အကြုံးဝင်သော Lesson Units ၁၅ခုအနက် ပထမဆုံးနှစ်ခုမှာ ပထဝီဝင်အ ခြေခံအချက်အလက်များဖြစ်ပြီး Units Three မှ Nine အထိသည် Climate, Vegetations , Soils , Climatic Regions တိှု့နှင့်သက်ဆိုင်သည်။ Units Ten မှ Fifteen အထိသည် ကုန်းမြေသဏ္ဍာန်များ (Land Forms) နှင့် သက်ဆိုင်သည်။ Physical Geography သင်ရိုးသည် ခေတ်မီသင်ရိုးတစ်ခုဖြစ်ပြီး ယင်းသင်ရိုးကိုလေ့လာခြင်း အားဖြင့် သဘာဝပတ်ဝန်းကျင်တွင်ဖြစ်ပေါ်နေသော သာမန်ပြောင်းလဲမှုများနှင့် ထူးခြားသောပြောင်းလဲမှုများအ ကြောင်းကို ကောင်းစွာသိနားလည်နိုင်မည်။ကမ္ဘာ့စနစ်အဖွဲ့ ( Earth System)၏ အဓိကအင်္ဂါရပ်အားလုံးနှင့် စပ် လျဉ်းသော နိဒါန်းသဘောကိုလည်းသိနိုင်မည်။ ကမ္ဘာ့မျက်နှာပြင်၏ အတွင်းအပြင်တွင်ဖြစ်ပေါ်ပြောင်းလဲနေ သော ဖြစ်စဉ်များ (Events) တို့၏ အကြောင်းရင်း  ဇစ်မြစ်ဆင့်ကဲတိုးတက်ပြောင်းလဲဖြစ်ထွန်းပုံ ၊ ထူးခြားချက် နှင့်ပျံ့နှံ့ပုံအကြောင်းများကိုလည်း ရှင်းလင်းနိုင်မည်။ ကမ္ဘာဂြိုလ်ကို လူသားတို့နေထိုင်ရာပတ်ဝန်းကျင်အနေဖြင့် ရှုမြင်သုံးသပ်နိင်မည်။ သဘာဝဖြစ်ရပ်ပုံစံများနှင့် ဖြစ်စဉ်များကိုသာမက လူသားတို့၏ပယောဂကြောင့်ဖြစ်ပေါ် လာသောအကျိုးသက်ရောက်မှုများကိုပါ ကောင်းစွာဆက်စပ်နားလည်သဘောပေါက်နိုင်မည်ဖြစ်သည်။

       Human Geography အပိုင်းတွင် Units များကိုစတင်မသင်မီ Aims and Objectives များကိုဖေါ်ပြထား သည်မှာ များစွာသင့်လျော်သည်။ ဤသင်ရိုးတွင် Human Geography ၏နိဒါန်း ၊ Population, Culture, Hu- man Landscape နှင့်ယင်းကိုဖြစ်ပေါ်စေသော Factors များအကြောင်းကိုသင်ယူကြရသည်။ဤသင်ရိုးကို ဆည်းပူးလေ့လာရခြင်းအားဖြင့် Human Geography ၏အခြေခံ Concepts , Principles , Process ကိုနား လည်နိုင်မည်။ လူနှင့်ပတ်ဝန်းကျင်တို့၏ ဆက်နွယ်ပုံ၊ မြေနေရာကို လူတို့သုံးစွဲပုံကိုကောင်းစွာစိစစ်နိုင်မည်။ ကမ္ဘာ့ယဉ်ကျေးမှုအမျိုးမျိုးနှင့် ကမ္ဘာ့ပြဿနာအမျိုးမျိုးတို့ကို ကောင်းစွာနားလည်နိုင်မည်။ Human Landscape ကိုဖွံ့ဖြိုးအောင်ဆောင်ရွက်ရာ၌ ကြုံတွေ့ရတတ်သောပြဿနာများကိုလည်း ယုတ္တိဆန်ဆန်တွေးခေါ်ချင့်ချိန်ပြီး ဖြေရှင်းတတ်လာမည်ဖြစ်သည်။ Human Geography သင်ရိုးအတွက်လေ့လာဖတ်ရှုသင့်သော စာအုပ်အချို့ကို လည်းသင်ရိုးအဆုံးတွင်ဖော်ပြထားသည်။

       အထက်ပါပထမနှစ် ပထဝီဝင်အထူးပြုသီအိုရီသင်ရိုးစာအုပ်နှင့်စပ်လျဉ်းသော အဓိကအားနည်းချက်မှာ Physical Geography အပိုင်းတွင် Maps  and  Diagrams များမှာယင်းတို့နှင့် သက်ဆိုင်သောစာမျက်နှာများ တွင်မရှိဘဲ စာမျက်နှာ ၃ဝ၁မှ ၄၁၆ တွင်စုပေါင်းပါရှိနေခြင်းဖြစ်သည်။သို့ဖြစ်ရာ သင်ခန်းစာတစ်ခုလေ့လာရာ၌ စာနှင့်ပုံကို ပူးတွဲလေ့လာရန်အဆင်မပြေမှုများရှိနေသည်။ အားသာချက်တစ်ခုမှာ အရေးကြီးသော Key Words, Key Concepts များကိုလွယ်ကူစွာသိမြင်နိုင်ရန် အဆင်သင့်အောက်မှမျဉ်းသား၍ ဖော်ပြပေးထားခြင်းဖြစ်သည်။

       လက်တွေ့သင်ရိုး G.101B (Practical Geography)အတွက်ပြုစုထားသော စာအုပ်အရွယ်ပမာဏမှာ အ လျား ၇.၆ လက်မ၊ အနံ ၅.၅ လက်မ ၊အထူ ဝ.၆၅ လက်မဖြစ်သည်။ဤသင်ရိုးတွင် Lesson Units ၅ခု ပါဝင် သည်။ Angle and Direction တိုင်းတာနည်းများ၊ စကေးအမျိုးမျိုးနှင့် Plan ပုံရေးဆွဲကာ Location သတ်မှတ် ရှာဖွေခြင်း၊ စာရင်းအင်းကိန်းဂဏန်းများကို Graphs and Maps ဖြင့်ရေးဆွဲဖေါ်ပြခြင်း ၊ တန်ဖိုးတူမျဉ်းများ Iso- lines ရေးဆွဲခြင်း၊ မိုးလေဝသမြေပုံ ရေးဆွဲခြင်းတို့ကို သင်ကြားပို့ချပေးရာ အခြေခံကျပြီးများစွာတန်ဖိုးရှိသည်။ လေ့လာဖတ်ရှုသင့်သောစာအုပ်စာရင်းကို နောက်တွင်ပူးတွဲဖေါ်ပြထားသည်။ဤသင်ရိုးစာအုပ်၏အဓိကအား နည်းချက်မှာ သင်ခန်းစာနှင့်ပက်သက်သော Maps and Diagrams ကိုသက်ဆိုင်ရာစာမျက်နှာများတွင်တွေ့ရ မည့်အစား စာအုပ်၏နောက်ဆုံးဖြစ်သော စာမျက်နှာ ၂၃၉မှ ၃၃ဝတွင် တစ်စုတည်းတစ်ပေါင်းတည်းရိုက်နှိပ် ဖေါ်ပြထားခြင်းပင်ဖြစ်သည်။ဤသင်ရိုးကိုမသင်မီ Introduction ကိုဦးစွာလေ့လာသင့်သည်။

       ပထမနှစ် စီးပွားရေးအထူးပြုကျောင်းသားကျောင်းသူများအတွက် ပထဝီဝင်သင်ရိုး G.101 (Economic အGeography)ကို အထောက်အကူပြုဘာသာအနေနှင့် သင်ကြားပို့ချပေးသည်။ ၎င်းသင်ရိုးအတွက်စာအုပ်နှစ် အုပ်ရှိသည်။ Volume Iသည်အလျား ၁၁လက်မ၊ အနံ ၇.၈ လက်မ၊ အထူ ဝ.၄ လက်မရှိသည်။ Lesson Units ၆ခု ပါဝင်သည်။ Economic Activities, Agriculture မှထွက်သော Commodities များ၊မွေးမြူရေးလုပ်ငန်း ၊ အဓိကသစ်တောအမျိုးအစားများ၊ ငါးဖမ်းလုပ်ငန်းနှင့် ကမ္ဘာ့လူဦးရေပျံ့နှံ့ပုံသင်ခန်းစာများကိုသင်ကြားရသည်။ Volume IIသည် အလျား ၁၁ လက်မ၊ အနံ ၇.၇ လက်မ၊ အထူ ဝ.၅ လက်မ ရှိသည်။Lesson Units ၆ခု ပါ ဝင်သည်။ပထမလေးခုမှာ Monsoon Asia နှင့်သက်ဆိုင်ပြီး ဒုတိယနှစ်ခုမှာ Practical Geography နှင့် သက်ဆိုင် သည်။ Monsoon Asia တွင် အခြေခံပထဝီဝင်၊ တောင်အာရှ၊အရှေ့တောင်အာရှနှင့် အရှေ့အာရှ ရွေးချယ်နိုင်ငံ အချို့၏ ပထဝီဝင်ကိုသင်ယူကြရသည်။လက်တွေ့ပထဝီဝင်တွင် စာရင်းအင်းကိန်းဂဏန်းများကို Graphs and Maps များဖြင့်ရေးဆွဲဖော်ပြခြင်း၊ Distributation Maps များရေးဆွဲခြင်း၊ Isolines ရေးဆွဲခြင်း တို့ပါဝင်ရာ ပထမ နှစ် စီးပွားရေးအထူးပြုသင်တန်းများအတွက် များစွာအထောက်အကူပြုနိုင်သည်။ အား နည်းချက်တစ်ခုမှာ Volumes နှစ်ခုစလုံးတွင် Lesson Units ချည်းသက်သက်သာဖော်ပြထားခြင်းဖြစ်သည်။ နိဒါန်း၊ရည်ရွယ်ချက်၊ ကျမ်းကိုးစာရင်းစသည်တို့ ပါဝင်ခြင်းမတွေ့ရပေ။ ထို့အပြင် Economic Geography အပိုင်းတွင် Commodity Approach အစား Spatial Approach ကိုပြောင်းလဲသင်ကြားပို့ချပေးနိုင်လျှင် ပိုမို၍ခေတ်မီနိုင်မည်ဖြစ်သည်။

 

တဖြည်းဖြည်းနိမ့်ဝင်နေသော ကမ္ဘာ့မြို့ကြီးများ

 

          ၂ဝ၁၃ ခုနှစ် ၊ ဖေဖေါ်ဝါရီလ ၆ ရက်နေ့တွင် မြန်မာနိုင်ငံပတ်ဝန်းကျင်နှင့်စီးပွားရေးပညာဆိုင်ရာ သုတေ သနသိပ္ပံ (Environmental and Economic Research Institute – EER.i) မှလစဉ်ထုတ်ဝေလျက်ရှိသော မြန်မာပတ်ဝန်းကျင်နှင့်စီးပွားရေးပညာသုတေသနရီဗျူးစာစောင် (Myanmar Environmental and Economic Review – MEER)၏ အယ်ဒီတာချုပ် ဦးဇော်သန်း(ဇော်ဟိန်း)က “ ဆရာရေ ၊ မြေနိမ့်ကျနေတဲ့ ကမ္ဘာ့မြို့ကြီးအ ချို့အကြောင်း ဆောင်းပါးတစ်ပုဒ်လောက် ရေးပေးစေလိုပါတယ် ” ဟု စာရေးသူအားတယ်လီဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားလာခဲ့သည်။ထိုစဉ်က စာရေးသူသည် နိုင်ငံတော်သမ္မတရုံးမှပေးအပ်သော တာဝန် တစ်ရပ်ဖြစ်သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင် တာဝန်ဖြင့်လွန်စွာမအား မလပ်ဖြစ်နေခဲ့သဖြင့် “အခုတော့ သည်းခံပါဦး အယ်ဒီတာချုပ်ကြီးရေ ၊ နောင်အလုပ်တာဝန်နည်းနည်းပါးသွား တဲ့ အချိန်ကျမှပဲရေးပေးပါ့မယ် ”ဟု မေတ္တာရပ်ခံခဲ့ရသည်။ ယခုဆောင်းပါးသည် အယ်ဒီတာချုပ်၏ဆန္ဒကို ဖြည့် ဆည်းပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

 

×××××××××××××××××××××

          ကမ္ဘာဂြိုဟ်၏မျက်နှာပြင်တွင် ကုန်းမြေမျက်နှာပြင်နှင့်ရေမျက်နှာပြင်ဟူ၍ မျက်နှာပြင်အမျိုးအစား နှစ်ခု ရှိသည်။ ကုန်းမြေဒေါင်လိုက်မြင့်တက်ခြင်း၊ နိမ့်ဆင်းခြင်းအကြောင်းကို လေ့လာမည်ဆိုလျှင် ရေမျက်နှာပြင် အထူးသဖြင့် ပင်လယ်ရေမျက်နှာပြင် (Sea Level)၏ အခြေအနေနှင့်ဆက်စပ်စဉ်းစားလေ့ ရှိသည်။ ဥပမာ - ပင်လယ်ရေမျက်နှာပြင်တည်ငြိမ်နေသော်လည်း မြေလွှာလှုပ်ရှားမှုဖြစ်စဉ်များကြောင့် ကုန်းမြေဒေါင်လိုက်မြင့် တက်ခဲ့လျှင်သော်လည်းကောင်း သို့မဟုတ် ကုန်းမြေတည်ငြိမ်နေသော်လည်း ပင်လယ်ရေမျက်နှာပြင်နိမ့်ကျ သွားခဲ့လျှင်သော်လည်းကောင်း သို့မဟုတ် ကုန်းမြေကလည်းမြင့်တက်၍ ပင်လယ်ရေမျက်နှာပြင်ကလည်း နိမ့် ကျသွးခဲ့လျှင်သော်လည်း ကုန်းမြေဒေါင်လိုက်မြင့်တက်ခြင်း (Land Emergence)ဖြစ်စဉ် ဖြစ်ပေါ်မည်ဖြစ်သည်။ အလားတူပင် ပင်လယ်ရေမျက်နှာပြင်တည်ငြိမ်နေသော်လည်း မြေလွှာလှုပ်ရှားမှုဖြစ်စဉ်များကြောင့် ကုန်းမြေ ဒေါင်လိုက်နိမ့်ကျခဲ့လျှင်သော်လည်းကောင်း သို့မဟုတ် ကုန်းမြေတည်ငြိမ်နေသော်လည်း ပင်လယ်ရေမျက်နှာ ပြင် မြင့်တက်သွားခဲ့လျှင်သော်လည်းကောင်း သို့မဟုတ် ကုန်းမြေနိမ့်ကလည်းနိမ့်ကျ၍ ပင်လယ်ရေမျက်နှာပြင် ကလည်း မြင့်တက်သွားခဲ့လျှင်သော်လည်းကောင်း၊ ကုန်းမြေဒေါင်လိုက်နိမ့်ကျခြင်း (Land Subsidence)ဖြစ်စဉ် ဖြစ်ပေါ်လိမ့်မည်ဖြစ်သည်။ယခုဆောင်းပါးတွင် ရေးသားတင်ပြမည့်အကြောင်းအရာ၊ အချက်အလက်များသည် ကုန်းမြေဒေါင်လိုက်နိမ့်ကျခြင်း (Land Subsidence)ဖြစ်စဉ်နှင့် ဆက်နွှယ်မည်ဖြစ်ပါသည်။

          ၂ဝဝ၅ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုနိုင်ငံ (United States of American – USA) လူဝစ်ဆီယား နားပြည်နယ် (Louisiana)၊ မစ္စစ္စပီမြစ်ဝကျွန်းပေါ်ဒေသ (Mississippi River Delta)ကို အလွန်ပြင်းထန်သော အပူပိုင်းမုန်တိုင်းကြီးအမျိုးအစား (Very severe tropical storm)ဖြစ်သည့် ဟာရီကိန်း ကတ်တရီးနား (Hurricane Katrina) ဝင်ရောက်မွှေနှောက်သဖြင့် အကြီးအကျယ်ထိခိုက်ပျက်စီးစေခဲ့ပါသည်။[ အလွန်ပြင်း ထန်သော အပူပိုင်းမုန်တိုင်းကြီးအမျိုးအစားကို ဖြစ်ပေါ်ရာနေရာဒေသကိုလိုက်၍ အမည်အမျိုးမျိုးခေါ်ဝေါ်ကြ သည်ဖြစ်ရာ အိန္ဒိယသမုဒ္ဒရာ (Indian Ocean)တွင် ဆိုက်ကလုန်း (Cyclone)ဟု လည်းကောင်း ၊ ပစိဖိတ် သမုဒ္ဒရာ (Pacific Ocean) တွင် တိုက်ဖွန်း (Typhone) ဟုလည်းကောင်း၊အတ္တလန္တိတ်သမုဒ္ဒရာ (Atlantic Ocean) တွင် ဟာရီကိန်း (Hurricane) ဟုလည်းကောင်း ခေါ်ဆိုသုံးနှုန်းကြပါသည်။ ဤကားစကားချပ်]ထိုစဉ် က ကတ်ထရီးနား (Katrina) မုန်တိုင်းကြီးကြောင့် လူပေါင်း ၁၈ဝဝ ခန့်အသက်ဆုံးရှုံးခဲ့ပြီး စီးပွားရေးအရ ထိ ခိုက်ဆုံးရှုံးမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ဝဝ ဘီလီယံ ($ 100 billion) အထိပင်ရှိခဲ့ပါသည်။ကတ်ထရီးနား မုန်တိုင်းကြီးဖြစ်ပေါ်ပြီးနောက် သုံးနှစ်ခန့်အကြာ ၂ဝဝ၈ ခုနှစ်၊ မေလဆန်းပိုင်းတွင် (၃ - ၅ - ၂ဝဝ၈) အိန္ဒိယ သမုဒ္ဒရာ၌ဖြစ်ပေါ်သော နာဂစ် (Nargis) အမည်ရှိ အလွန်အားကောင်းသည့်အပူပိုင်းမုန်တိုင်းကြီးသည် တစ်နာ ရီလျှင် မိုင် ၁၃ဝ (၂၁ဝ ကီလိုမီတာ) ခန့်နှုန်းဖြင့် မြန်မာနိုင်ငံ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကြီး (Ayeyarwady Deltaic Region) ၏ တောင်ပိုင်း (အနိမ့်ဆုံးအပိုင်း) ကိုဝင်ရောက်ဖြတ်သန်းတိုက်ခိုက်ခဲ့သည်။ ယင်နာဂစ် မုန် တိုင်းကြီးကြောင့် ဖြစ်ပေါ်သော ၁၂ ပေခန့် (၃.၆ မီတာခန့်)မြင့်မားသည့် မုန်တိုင်းဒီရေ (ဝါ) မုန်တိုင်းလှိုင်းကြီး (storm surge) များသည် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကြီး၏ ကုန်းတွင်းအနိမ့်ပိုင်းသို့ မိုင် ၃ဝ (၄၈.၃ ကီလိုမီတာ) ကျော်ခန့်အထိ ထိုးဖောက်ဝင်ရောက်လွှမ်းမိုးခဲ့သည်။ တိုတောင်းသောအချိန်ကာလအတွင်းတွင် လူပေါင်း ၁၄၆ ဝဝဝ ခန့်အသက်ဆုံးရှုံးခဲ့ရသည်။ စီးပွားရေးအရ ထိခိုက်ဆုံးရှုံးမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ဝ ဘီလီယံ ($ 10 billion) ခန့် ရှိသည်ဟု ခန့်မှန်းကြပါသည်။

          ကမ္ဘာပေါ်ရှိ အခြားသောမြစ်ဝကျွန်းပေါ်ဒေသများတွင်ဖြစ်ပေါ်သော ရေကြီးရေလျှံမှုများသည် အထက် ဖော်ပြပါ မစ္စစ္စပီမြစ်ဝကျွန်းပေါ်ဒေသနှင့်ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင်ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှုများ လောက် ပမာဏမကြီးမားလှသော်လည်း သက်ဆိုင်ရာပထဝီဝင်ဒေသအသီးသီးအပေါ်တွင် ကြီးမားသောထိ ခိုက်ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေသည်။ ထိုင်းနိုင်ငံ၏မြို့တော် ဘန်ကောက်သည် ကျောက်ဖယားမြစ်ဝကျွန်းပေါ် ဒေသအတွင်းတွင် လုံးလုံးလျားလျားကျရောက်တည်ရှိသည်။ ၂ဝ၁၁ ခုနှစ်တွင် ကျောက်ဖယားမြစ် (Chao PhrayaRiver)ရေကြီးရေလျှံခြင်းကြောင့်ဘန်ကောက်မြို့တော်သည်လပေါင်းများစွာ ရေလွှမ်းမိုးမှုဘေးအန္တရာယ် ကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ ထိုင်းနိုင်ငံ၏စီးပွားရေးမှာ အကြီးအကျယ်ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်။ ထို့ အပြင် အကျိုးဆက်အားဖြင့် တစ်ကမ္ဘာလုံး၌ ကွန်ပျူတာဟာ့ဒစ်ခ် (hard-disk) ဈေးနှုန်းများအပေါ်သိသာထင် ရှားသော အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေခဲ့ပါသည်။

          စူစမ်းလေ့လာချက်များအရ ကမ္ဘာ့အဓိကမြစ်ဝကျွန်းပေါ်ဒေသများ၏ ၈၅ ရာခိုင်နှုန်းသည် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း၌ ဆိုးရွားပြင်းထန်သောရေကြီးရေလျှံမှု ၊ ရေလွှမ်းမိုးမှုဘေးအန္တရာယ်များနှင့်ကြုံတွေ့ခဲ့ရ ကြောင်း သိရှိရသည်။ဤ ဖြစ်ရပ်များကြုံတွေ့ရခြင်းအတွက် အကြောင်းအရင်းတစ်ရပ်ရှိသည်။ ၎င်းမှာ အခြားမ ဟုတ်။ ကမ္ဘာပေါ်ရှိ မြစ်ဝကျွန်းပေါ်ဒေသအများစုသည် အောက်သို့နိမ့်ဆင်းနစ်ဝင်နေကြခြင်း (sinking or subsiding) နှင့် အောက်သို့လျင်လျင်မြန်မြန် နိမ့်ဆင်းနစ်ဝင်နေကြခြင်း (sinking fast or subsiding fast) ပင် ဖြစ်ပေသည်။

          ကမ္ဘာ့အဓိကမြစ်ဝကျွန်းပေါ်ဒေသများ၏ သုံးပုံနှစ်ပုံခန့်သည် အောက်သို့နိမ့်ဆင်းနစ်ဝင်နေကြသည်။ နိမ့် ဆင်းနစ်ဝင်မှုနှုန်းအများဆုံး ၊ ဘေးအန္တရာယ်အကြီးဆုံး မြစ်ဝကျွန်းပေါ်ဒေသများကို ဤကမ္ဘာမြေပုံတွင် ဖော်ပြ ထားသည်။ မြစ်ဝကျွန်းပေါ်ဒေသတစ်ခုအတွင်း အချိန်ကာလနှင့်နေရာဒေသကိုလိုက်၍ အောက်သို့နိမ့်ဆင်းနစ် ဝင်သည့်နှုန်း ကွဲပြားခြားနားမှုရှိသည်ကို သတိပြုပါ။ ဥပမာ - အီတလီနိုင်ငံ (Italy)၊ ပိုးမြစ်ဝကျွန်းပေါ်ဒေသ (Po River Delta) သည် ၁၉၆ဝ ပြည့်နှစ်များအတွင်က တစ်နှစ်လျှင် ၆ဝ မီလီမီတာနှုန်းနိမ့်ကျခဲ့ပြီး အခြားဆယ်စုနှစ် များအတွင်းတွင်မူ လျော့နည်းသောနှုန်းဖြင့် နိမ့်ကျခဲ့ပါသည်။

 

 

 

 

နိမ့်ဆင်းနစ်ဝင်တော့မည့် ကမ္ဘာ့မြို့ကြီး ခုနှစ်မြို့

(7 Cities About to Sink)

          ယင်းမြို့ကြီးခုနစ်မြို့အနက်တစ်မြို့သည် တစ်ခါက ရေအောက်သို့နစ်မြုပ်ပျောက်ကွယ်သွားခဲ့သည်ဟု ယူဆခဲ့ကြသော အတ္တလန္တစ်မြို့ကြီးကဲ့သို့ နောက်ထပ်အတ္တလန္တစ်ဖြစ်လာနိုင်မည်လော။(Could one of these cities be the next Atlantis?)

          လူအတော်များများက ကျွန်ုပ်တို့ချစ်ခင်မြတ်နိုးလှစွာသောမြို့ကြီးများသည် နောင်လာမည့်ရာစုနှစ်ပေါင်း များစွာတိုင်အောင်ပင် ကျွန်ုပ်တို့လူသားများနှင့်အတူရှင်သန်ရပ်တည်နေကြလိမ့်မည်ဟူသောအချက်ကို စွဲစွဲမြဲမြဲ ယုံကြည်နေကြသည်။ သို့စေကာမူ ကမ္ဘာပေါ်ရှိမြို့ကြီးများအနေဖြင့် “နောက်ထပ်အတ္တလန္တစ်မြို့ကြီး”(The Next Atlantis) ဟူသော ဘွဲ့တံဆိပ်ကိုမည်သူဆက်ခံနိုင်မည်လဲဆိုသောသဘောနှင့် သူနိုင်ကိုယ်နိုင်ပြိုင်ဆိုင်နေကြသ ကဲ့သို့ ဖြစ်နေသည်။ တည်ငြိမ်မှုမရှိဘဲ တလှုပ်လှုပ်တရွရွဖြစ်နေသော အောက်ခံမြေသားများ (shaky foundat- tion) နှင့် ကုန်းတွင်းဘက်သို့နယ်ပယ်ချဲ့ထွင်တိုးဝင်လျက်ရှိသော ပင်လယ်များ (encroaching sea) သည် ကမ္ဘာပေါ်ရှိအကြီးဆုံးနှင့် ချစ်မြတ်နိုးဖွယ်အကောင်းဆုံးမြို့ကြီးများအနက် အချို့ကို နိမ့်ကျနစ်ဝင်မှုဖြစ်စဉ်နှင့်ကြုံ တွေ့စေရန် ထင်ထင်ရှားရှားခြိမ်းခြောက်လျက် ရှိနေသည်။ နောင်လာမည့် အားလပ်ရက်များအတွင်း ကမ္ဘာပေါ် ရှိ ဘယ်အရပ်၊ ဘယ်ဒေသသို့ သွားရောက်လည်ပတ်ရမည်နည်းဟု စဉ်းစားစီစဉ်မည်ဆိုလျှင် မိမိတို့၏စိတ်ထဲ စွဲ မှတ်ထားရမည့်အချက်မှာ ကမ္ဘာ့လူကြိုက်အများဆုံးခရီးသွားပန်းတိုင်အရပ်ဒေသများ (tourist destinations) (ဝါ) မြို့ကြီးများအနက် အချို့သည်နိမ့်ကျနစ်ဝင်မှုဖြစ်စဉ်ကို အချိန်နှင့်အမျှခံစားနေကြရသည်ဟူသောအချက် ပင် ဖြစ်သည်။ မြေသားနိမ့်ကျနစ်ဝင်မှုဖြစ်စဉ် ဖြစ်ထွန်းလျက်ရှိသော ကမ္ဘာ့အဓိကမြို့ကြီးများအနက် မြို့ကြီး ခုနစ်မြို့ အကြောင်းကိုအောင်တွင် ဆက်လက်ရေးသားတင်ပြပါမည်။

 

(၁) ဘန်ကောက်မြို့ (ထိုင်းနိုင်ငံ)

          ထိုင်းနိုင်ငံ၏မြို့တော်ဖြစ်သော ဘန်ကောက်မြို့ကြီးသည်နိမ့်ဆင်းနစ်ဝင်နေသည်။လျင်မြန်သောနှုန်းဖြင့် နိမ့်ဆင်းနစ်ဝင်နေပါသည်။ သို့စေကာမူ အခြားသောနိမ့်ဆင်းနေသည့်မြို့ကြီးများနှင့်မတူကွဲပြားခြားနားသောအ ချက်မှာ ယခုကဲ့သို့မြေနိမ့်ကျမှုဖြစ်စဉ်ဖြစ်ပေါ်နေရခြင်း၏ အကြောင်းရင်းသည် ဘန်ကောက်မြို့ကြီး၏အောက်ခံ မြေသားမြေလွှာများ ခိုင်မာမှုမရှိခြင်း (shoddy foundation) ကြောင့်ဟု မဆိုလိုပါ။ ဘန်ကောက်မြို့ကြီးသည် ထိုင်းနိုင်ငံ၏အထင်ကရမြစ်ဖြစ်သော ကျောက်ဖယားမြစ်ဝှမ်းဒေသ (Chao Phraya River Basin) တွင် တည် ရှိသည်။ ကျောက်ဖယားမြစ်သည် ဘန်ကောက်မြို့လယ်ကောင်မှ တောင်ဘက်မိုင် ၃ဝ (၄၈.၃ ကီလိုမီတာ) ကွာဝေးသော ဘန်ကောက်ပင်လယ်အော် (Bay of Bangkok) အတွင်းသို့ စီးဝင်ရောက်သည်။ဤမျှ ကြီးမား ကျယ်ပြန့်သော မြို့ပြလူနေမှုဒေသကြီး (colossal urban settlement) ဖြစ်သည့် ဘန်ကောက်မြို့တော်အဖို့ မြေလွှာနိမ့်ကျသည့်သဘောထက် မြစ်ရေလျှံမှု ၊ ရေကြီးရေလွှမ်းမိုးမှု၊ ရေနစ်မြုပ်မှုကဲ့သို့သော ဘေးအန္တရာယ် မျိုးကို ပို၍ကြုံတွေ့ခံစားရဖွယ်ရှိသည်။(more likely to drown than sink)။ ကျွမ်းကျင်ပညာရှင်များ၏ လေ့ လာတွက်ချက်မှုအရဆိုလျှင် ကျောက်ဖယားမြစ်ဝရှိ ဆန်ရေစပါးပေါကြွယ်ဝသည့် ဘန်ကောက်မြို့ပြဒေသကြီး နှင့် ယင်းဒေသရှိလှပသပ္ပယ်သော ဘုရား ၊ ပုထိုး ၊ စေတီ ၊ ကျောင်း ၊ ကန် စသည်တို့သည် အနည်းဆုံးရှေ့လာ မည့် ခုနစ်နှစ်ကာလအတွင်းတွင် ရေအောက်သို့နစ်မြုပ်ရောက်ရှိသွားနိုင်သည်ဟု သိရှိရသည်။ ဘန်ကောက်မြို့ တော်ကြီးတည်ရှိရာ ကျောက်ဖယားမြစ်ဝကျွန်းပေါ်ဒေသသည် ပျှမ်းမျှတစ်နှစ်လျှင် ၁၅ဝ မီလီမီတာ (၅.၉ လက် မ) နှုန်းဖြင့် မြေနိမ့်ကျမှုဖြစ်စဉ်အလွန်လျင်မြန်စွာဖြစ်ပေါ်နေသည်ဟု ကျွမ်းကျင်ပညာရှင်များက ဂျိမ်းစ်စဗစ်စကီ (James Syvitski) နှင့် စတက်ဖနီဟစ်ဂင် (Stephanie Higgins) တို့က New Scientist ဂျာနယ်တွင် ၂ဝ၁၂ ခုနှစ် ၊ ဒီဇင်ဘာလက ရေးသားဖော်ပြခဲ့ကြသည်။

          ထိုင်းလူမျိုးသိပ္ပံပညာရှင်တစ်ဦးဖြစ်သော ဒေါက်တာအာဂျွန်ချွမ်ဆိုင်နာ အာယုဒ္ဓယ (Dr. Ajong Chumsai na Ayuthya) ကတော့ ဘန်ကောက်မြို့တော်ကြီး၏ အနာဂတ်ရေနစ်မြုပ်မှုကံကြမ္မာကို ဖန်တီးမည့် အဓိကအကြောင်းအရင်းမှာ ကမ္ဘာချီပူနွေးမှုဖြစ်စဉ် (global warming) ဖြစ်မည်။ ကမ္ဘာချီပူနွေးမှုဖြစ်စဉ်သည် သာ ဘန်ကောက်မြို့တော်ကြီးရေနစ်မြုပ်ရခြင်း၏ အကြောင်းအရင်းကိုအကောင်းဆုံးဖြေရှင်းပေးနိုင်လိမ့်မည်ဟု ဆိုပါသည်။ အာရှသတင်းကွန်ရက် (Asia News Network) မှ ထိုင်းပညာရှင် ဒေါက်တာအာဂျွန်၏သဘော ထားအမြင်ကိုဖော်ပြရာ၌ “ဤကဲ့သို့သော ဘေးအန္တရာယ်များ (disasters) ဖြစ်ပေါ်ရခြင်းအတွက် အပြစ်တင်ရ မည့်အဓိကလက်သည်တရားခံမှာ လူများပင်ဖြစ်သည်။ အကြောင်းမှာ လူတို့ကပတ်ဝန်းကျင်မှ သဘာဝသယံဇာ တများ (ဝါ) သဘာဝအရင်းအမြစ်များ (natural resources) ကို ထုတ်ယူသုံးစွဲသည်။သစ်ပင် ၊ သစ်တောများ ကို ခုတ်ထွင်ရှင်းလင်ပစ်သည်။ ဖန်လုံအိမ်ဓါတ်ငွေ့များ (greenhouse gases) ကို ကမ္ဘာ့လေထုအတွင်းသို့ စဉ် ဆက်မပြတ်ထုတ်လွှတ်လျက် ရှိသည်။မည်သည့်လုပ်ငန်းကိုပဲလုပ်လုပ် မျက်မှောက်ကာလရှိလူများသည် နောင် လာမည့်အနာဂတ်ကာလတွင်ရှိမည့် မျိုးဆက်သစ်များအတွက် မည်သည့်အခါကမျှ ထည့်သွင်းစဉ်းစားလေ့ မရှိ ကြောင်း ဒေါက်တာအာဂျွန်က ပြောဆိုခဲ့သည်” ဟု ဖော်ပြထားပါသည်။ထို့ပြင် တစ်ကမ္ဘာလုံး၏ရာသီဥတုအခြေ အနေများ အပြောင်းအလဲဖြစ်ခြင်း၏ အကျိုးဆက်အနေဖြင့် ထိုင်းပင်လယ်ကွေ့ (Gulf of Thailand) အတွင်း၌ ပြင်းထန်သောမုန်တိုင်းလှိုင်ကြီးများကို ပိုမို၍ဖြစ်ပေါ်လာစေနိုင်လိမ့်မည်။ ယင်းမုန်တိုင်းလှိုင်းကြီးများသည် ထိုင်း နိုင်ငံတောင်ပိုင်းဒေသကို အလွန်အမင်းပြင်ထန်သောဆိုးကျိုးများ (ဝါ) အနုတ်လက္ခဏာသက်ရောက်မှုများ (extremely negative effects) ကို ဖြစ်ပေါ်စေလိမ့်မည်ဟုလည်း ဒေါက်တာအာဂျွန်က ပြောဆိုခဲ့ပါသည်။ လက်ရှိအခြေအနေအတိုင်းသာဆိုပါက ထိုင်းနိုင်ငံတောင်ပိုင်း၏နာမည်ကျော်ခရီးသွားလုပ်ငန်းဒေသကြီးသို့ အ ပန်းဖြေခရီးသွားရောက်ဖို့ကိစ္စမှာ တဖြည်းဖြည်းနှင့်အချိန်ကျုံ့၍လာနေသည်ဖြစ်ရာ လာမည့်ဆယ်စုနှစ်တစ်ခု တောင်ခံနိုင်ရည်ရှိပါ့မလားဟု စိုးရိမ်ဖွယ်အခြေအနေဖြစ်ပါသည်။

 

(၂) နယူးယောက်မြို့တော် (အမေရိကန်ပြည်ထောင်စုနိုင်ငံ)

          အကယ်၍များ တစ်စုံတစ်ယောက်သည် အမေရိကန်ပြည်ထောင်စုနိုင်ငံ (The United States of American)၊ နယူးယောက်ပြည်နယ် (New York State)၊ နယူးယောက်မြို့တော် (New York City) တွင်ရှိ သော လွတ်လပ်ရေးအထိမ်းအမှတ်ဖြစ်သည့် လေဘာတီရုပ်ထုကြီး (Statue of Liberty) ကိုလည်းကောင်း ၊ မီး ရောင်စုံများဖြင့် လှပတင့်တယ်သည့် တိုင်း(မ်)စကွဲယား (Time Square) ကိုလည်းကောင်း မရောက်ဖူးသေး လျှင်၊မမြင်ဖူးသေးလျှင် ယခုအချိန်သည် ထိုနေရာဒေသများသို့သွားရောက်လည်ပတ်ကြည့်ရှုရန် အချိန်ကောင်း၊ အခါကောင်းဖြစ်သည်ဟု ဆိုလေ့ရှိသည်။ နယူးယောက်မြို့တော်ကြီး၏ဘဝသည်လည်း ၎င်း၏မိတ်ဆွေထိုင်းနိုင် ငံမှ ဘန်ကောက်မြို့တော်ကြီး၏ဘဝနှင့် အတော်ပင်ဆင်တူလှပေသည်။ ဘန်ကောက်မြို့တော်ကြီးကဲ့သို့ပင် အမေရိကန်ပြည်ထောင်စုနိုင်ငံ၏ လူနေသိပ်သည်းဆ (population density) အများဆုံးမြို့ကြီးဖြစ်သော နယူး ယောက်မြို့တော်ကြီးသည် ကမ္ဘာချီပူနွေးမှုဖြစ်စဉ်၏ အနုတ်လက္ခဏာအကျိုးသက်ရောက်မှုများ (negative effects)ကို တွေ့ကြုံခံစားရမည့် ကံကြမ္မာဆိုးနှင့်ရင်ဆိုင်နေရပြီ ဖြစ်ပါသည်။

          နယူးယောက်မြို့တော်ကြီး၏ပထဝီဝင်တည်နေရာမှာ အမေရိကန်ပြည်ထောင်စုနိုင်ငံ၊ အရှေ့မြောက်ပိုင်း ဟဒ်ဆင်မြစ် (Hudson River) ၏ မြစ်ဝတွင်ရှိပြီး ယင်းမြစ်သည်အရှေ့ဘက်အတ္တလန္တိတ်သမုဒ္ဒရာ (Atlantic Ocean) အတွင်းသို့ စီးဆင်းဝင်ရောက်သည်။ နယူးယောက်မြို့တော်ကြီးကား ကမ္ဘာ့ခေတ်အမီဆုံး အလွန်ကြီး မားသည့်မြို့ကြီး (Mega-city) တစ်မြို့ဖြစ်သည်နှင့်အညီ ဘိလပ်မြေ၊ ထုံး ၊ အုတ် ၊ သဲ ၊ ကျောက်စရစ် ၊ သံ ထည် ၊ သစ်သားစသည်တို့ဖြင့် တည်ဆောက်သောနေအိမ် ၊ တိုက်တာအဆောက်အအုံများ ၊ လမ်း ၊ တံတား  များနှင့်အလားတူ ဗိသုကာလက်ရာများကို အရွယ်အစားမျိုးစုံမြင်တွေ့နိုင်သည်။ အကယ်စင်စစ်မူ နယူးယောက် မြို့တော်ကြီးကို ကွန်ကရစ်စုံတောမြိုင်ကြီး (concrete jungle) ဟုပင် တင်စားခေါ်ဆိုနိုင်ပါသည်။ ကွန်ကရစ်စုံ တောမြိုင်ကြီး၏ အနန္တအလေးချိန်ကြောင့် နယူးယောက်မြို့တော်ကြီးသည် ယင်း၏အောက်ခံမြေလွှာများအ တွင်းသို့ တဖြည်းဖြည်းနိမ့်ဆင်းနစ်ဝင်လျက် ရှိသည်။ သို့ဖြစ်ရာ များမကြာမီကာလအတွင်းတွင် နယူးယောက်မြို့ တော်ကြီးသည် တရိပ်ရိပ်မြင့်တက်လာနေသောပင်လယ်ရေမျက်နှာပြင် (rising sea levels) ကြောင့်လည်း ကောင်း ၊ ဖြစ်ကြိမ်နှုန်းပိုမိုများပြားမည့် ပြင်းထန်သောအပူပိုင်းမုန်တိုင်ကြီးများ (severe tropical stroms) ကြောင့်လည်းကောင်း ထိခိုက်ပျက်စီးဆုံးရှုံးမည့်ဘေးအန္တရာယ်ကြီးများနှင့် ပိုမိုရင်ဆိုင်ကြုံတွေ့လာရတော့မည့် အခြေအနေတွင် ရှိနေပေသည်။ ဟော်လိုဝင်းပွဲတော်(Halloween) ကာလတွင်အသုံးပြုသည့် စည်ပိုင်းထဲရှိ အ ရာများမှာ မြုပ်ချည်ပေါ်ချည်ဖြင့် မျောပါနိုင်သော်လည်း နယူးယောက်မြို့တော်ကြီးမှာမူ ထိုကဲ့သို့မျောပါနိုင်မည်မ ဟုတ်ဘဲ ရေနစ်မြုပ်ခံရမည်သာ ဖြစ်ပါသည်။

          သိပ္ပံနေ့စဉ် (Science Daily) သတင်းစာစောင်၏ ရေးသားဖော်ပြချက်အရဆိုလျှင် နယူးယောက်မြို့ တော်ကြီးတွင်မြင့်တက်လာမည့် ပင်လယ်ရေမျက်နှာပြင်၏မြင့်တက်မှုနှုန်းသည် ကမ္ဘာ့အခြားအရပ်ဒေသအသီး သီးတွင်ဖြစ်ပေါ်မည့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုနှုန်းထက် နှစ်ဆခန့်ပိုမိုလျင်မြန်လိမ့်မည်ဟု တွက်ချက် ခန့်မှန်းထားပါသည်။ ဆိုလိုသည်မှာ နယူးယောက်မြို့တော်ကြီးတည်ရှိရာ ပထဝီဝင်ဒေသသည် အမေရိကန် ပြည်ထောင်စုနိုင်ငံရှိ အခြားသောပထဝီဝင်ဒေသများထက် ပင်လယ်ရေအောက်သို့အရင်ဦးစွာ နစ်မြုပ်ရောက်ရှိ သွားမည်ဖြစ်ပါသည်။ သို့စေကာမူ သိပ္ပံနေ့စဉ် (Science Daily) သတင်းစာစောင်က ဆက်လက်ရေးသားဖော် ပြထားသည်မှာ “နယူးယောက်မြို့တော်ကြီးကြုံတွေ့ခံစားရမည့်အနာဂတ်ဘေးအန္တရာယ်မှာပင်လယ်ရေအောက် သို့ နစ်မြုပ်ရောက်ရှိခြင်းတစ်မျိုးသာဖြစ်မည် မဟုတ်ပါ။ မြေနိမ့်ပိုင်းအရပ်ဒေသများ ရေလွမ်းမိုးနစ်မြုပ်မှု (submersion of low – lying land)၊ ပင်လယ်ကမ်းပြင်များတိုက်စားခံရမှု (erosion of beaches)၊ ရေတိမ် ဒေသများမှ ရေနက်ကွင်းပြင်ကျယ်အဖြစ်သို့ ပြောင်းလဲရောက်ရှိသွားမှု (conversion of wetlands to open water)၊ မြစ်ဝကျယ်ဒေသများတွင် ဆားငန်ဓာတ်ပါဝင်နှုန်းတိုးမြင့်လာမှု (increase in the salinity of estuaries) စသည့် တွဲဖက်ပါဝင်လာမည့်ဘေးအန္တရာယ်အမျိုးမျိုးကလည်း နယူးယောက်မြို့တော်ဒေသ၏ ဂေ ဟစနစ်များ (ecosystems)ကို ထိခိုက်စေနိုင်မည်ဖြစ်ပြီး လက်ရှိ ကမ်းခြေဒေသတိုးတက်ဖွံ့ဖြိုးမှု (coastal development) အခြေအနေများကိုလည်း များစွာထိခိုက်ပျက်စီးစေလိမ့်မည်ဖြစ်သည်” ဟူ၍ စိစစ်သုံးသပ်ထား ပါသည်။ အင်ပါယာစီးတီး (Empire City) ဖြစ်သော နယူးယောက်မြို့တော်ဒေသကြီးသည် နောင်အနာဂတ် တွင် ရေအိုင်တစ်အိုင် (a wading pool) အဖြစ်သို့ အသွင်ပြောင်းလဲသွားမည်သာမက တဖြည်းဖြည်းနှင့် ပင် လယ်ရေအောက်သို့နိမ့်ဆင်းပျောက်ကွယ်သွားမည် ဖြစ်ပါသည်။

 

(၃) ဟူစတန်မြို့ (အမေရိကန်ပြည်ထောင်စုနိုင်ငံ)

          အမေရိကန်ပြည်ထောင်စုနိုင်ငံ၊ တက္ကဆပ်ပြည်နယ် (Taxas State)၊ ဟူစတန်မြို့ (Houston) သည် လည်း ပြဿနာတစ်ရပ်ရပ်အမှန်တကယ်ပင် ရှိနေသည်။ ၎င်းမှာအခြားမဟုတ် အမေရိကန်ပြည်ထောင်စုနိုင်ငံ၏ အမျိုးသားလေကြောင်းနှင့် အာကာသအေဂျင်စီ (National Aeronautical and Space Agency –NASA)သို့ လာရောက်လည်ပတ် လေ့လာကြသူများအတွက် ဧည့်သည်တည်းခိုနားနေရာဗဟိုဌာနမြို့ (Visitor’s Center) ဖြစ်သောဟူစတန်မြို့သည် များမကြာမီကာလအတွင်းတွင် မြေမျက်နှာပြင်မှာသာတည်ရှိမည်မဟုတ်ဘဲ မြေကြီး ထဲသို့ပင် နိမ့်ကျနစ်ဝင်နေမည်ဖြစ်သည်။ ဟူစတန်မြို့သည် တက္ကဆပ်ပြည်နယ်၏အထင်ရှားဆုံးသော ကော့စမို ပိုလီတန်မြို့ကြီး (most cosmopolitan) ဖြစ်ပြီး ယခုအခါ မြေကြီးပေါ်တွင်ဆက်လက်ရပ်တည်နိုင်ရန် ကြိုးစား ရုန်းကန်နေရသည်။ ဟူစတန်မြို့သည် သဘာဝသံယံဇာတများ၊အထူးသဖြင့် ရွှေသတ္တုတူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းအပေါ်တွင် အမှီပြု၍ တည်ထောင်ခဲ့သောမြို့ပြဒေသကြီးဖြစ်ပြီး ရှေ့သို့ဖွံ့ဖြိုးစည်ပင်မှုဖြစ်ထွန်းစေရန် လည်း ကောင်းစွာသန္နိဌာန်ချထားသည်။ထို့အပြင် ဟူစတန်မြို့သည် အာကာသဆိုင်ရာမြို့ကြီး (Space City) ဟု ထင်ရှားပြီး စွမ်းအင်ထုတ်လုပ်ရာအဓိကဗဟိုဌာနတစ်ခု (a major energy hub)လည်း ဖြစ်လာသည်။ အမေရိကန်ပြည်ထောင်စုနိုင်ငံ၏ အာကာသစူးစမ်းလေ့လာမှု (space exploration) လုပ်ငန်းအတွက် ဒုံးယာဉ်၊ ဂြိုဟ်တုနှင့်အာကာသယာဉ်များ လွှတ်တင်ရာစခန်း( the taking – off point) လည်းဖြစ်ပါသည်။သို့စေကာမူ အမေရိကန်ပြည်ထောင်စုနိုင်ငံ၏ စတုထ္တအကြီးဆုံးမြို့ကြီး (fourth – largest city) ဖြစ်သော ဟူစတန်မြို့ကို သဲကျောက်လွှာပေါ်တွင်အခြေပြုတည်ဆောက်ထားခြင်း ဖြစ်ပါသည်။မက္ကဆီကိုပင်လယ်ကွေ့(Gulf of Maxico) အတွင်းသို့စီးဝင်သောအဓိကမြစ်လေးစင်း (four major bayous) တို့ တိုက်စားသယ်ဆောင်ပို့ချထားပြီး ကျစ် လစ်ခိုင်မြဲမှုမရှိသေးသည့် ရေဆောင်နုန်းအနည်အနှစ်များဖြင့်သာတည်ဆောက်ထားသော မြစ်ကမ်းပါးများပေါ် တွင်အခြေပြု၍ ဟူစတန်မြို့ကြီးတည်ရှိနေခြင်းဖြစ်သည်။

          ဟူစတန်မြို့ပြဒေသကြီးတွင်နေထိုင်ကြသော မြို့သူမြို့သားအားလုံးတို့သည် မိမိတို့၏သောက်ရေသုံး ရေလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက်မြေအောက်ရေ (ground water) အပေါ်မှီခိုအားထားခဲ့ကြရသည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သို့သော်မြို့ပြဒေသနေထိုင်သူလူဦးရေ တိုးပွားလာပြီးမြို့ပြဒေသဧရိယာ အစဉ်ထာဝရကျယ်ပြန့်လာကြီးထွားနေသော ဟူစတန်မြို့ပြဒေသကြီးအဖို့ မြေအောက်ရေပမာဏအမြောက်အ မြားကို ထုတ်ယူသုံးစွဲရန် အမြဲတမ်းလိုအပ်လျက်ရှိသည်။မြေအောက်ရေဂါလန်သန်းပေါင်းများစွာကို နေ့စဉ်ထုတ် ယူသုံးစွဲခြင်းသည် ဟူစတန်မြို့ပြဒေသကြီးတစ်ခုလုံးအားသယ်ပိုးထမ်းရွက်ထားရသော အောက်ခံမြေလွှာ၏ တောင့်တင်းခိုင်မာမှုအားကို တစ်စထက်တစ်စလျော့နည်းကျဆင်းလာစေပါသည်။ ဟူစတန်မြို့ပြဒေသကြီး၏ အနီးပတ်ဝန်းကျင်တွင် ရုပ်ကြွင်းလောင်စာတစ်မျိုးဖြစ်သော ရေနံသယံဇာတကို ကာလတာရှည်စွာတူးဖော်ထုတ် လုပ်ခြင်းလုပ်ငန်းသည်လည်း ဤမြို့ပြဒေသကြီး၏ အောက်ခံအုတ်မြစ် (foundation) ကို ထိခိုက်ပျက်စီးစေ သည်။ ဟူစတန်မြို့ပြဒေသကြီးကလည်း စဉ်ဆက်မပြတ်ပြန့်ကားကြီးထွား (continuous sprawl) လျက် ရှိ သည်။ထို့အပြင် ဟူစတန်မြို့ပြဒေသကြီး၏ လမ်းမကြီး၊ လမ်းမငယ်များ၊ အထပ်မြင့် (ဝါ) မိုးမျှော်အဆောက်အ အုံများ (sky – scrapers) ၏ အောက်ဘက်တွင် အစဉ်ရှင်သန်လှုပ်ရှားနေသော မြေလွှာပြတ်ရွေ့ကြောင်း (active fault lines) အရေအတွက် ၃ဝဝ ခန့်ကလည်း တည်ရှိနေပြန်ပါသည်။ ယခုအခါ ဤဟူစတန်မြို့ပြဒေ သကြီး (ဝါ) မက်ထရိုပိုလစ် (metropolis) ၏ အစိတ်အပိုင်းအတော်များများ အထူးသဖြင့်အနောက်မြောက်ပိုင်း ရှိ ဂျာဆီဗီးလိပ်(ခ်ျ) (Jersey Village) သည် တစ်နှစ်လျှင် ၂ လက်မ (၅.၁ စင်တီမီတာ) နှုန်းဖြင့် ဒေါင်လိုက်မြေ လွှာနိမ့်ကျမှုဖြစ်ပေါ်လျက်ရှိသည်ဟု သိပ္ပံနေ့စဉ် (Science Daily)သတင်းစာစောင်က ရေးသားဖော်ပြခဲ့ပါသည်။

          ဤဟူစတန်မြို့ပြဒေသကြီးတွင် မြေအောက်ရေထုတ်ယူသုံးစွဲမှုကို ရပ်ဆိုင်းပစ်လိုက်သော မြို့ပြအစိတ် အပိုင်းများ၌ မြေနိမ့်ကျမှုနှုန်းသိသိသာသာလျော့နည်းနှေးကွေးသွားကြောင်းကို ကျွမ်းကျင်ပညာရှင်များက စူး စမ်းလေ့လာတွေ့ရှိခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ ဟူစတန်မြို့ပြဒေသကြီး ရင်ဆိုင်ကြုံတွေ့နေရသောမြေနိမ့်ကျမှု (ဝါ) မြေနိမ့်ဆင်းနစ်ဝင်မှုပြဿနာကို ရှင်းလင်းပေးနိုင်ရန်အတွက် ထာဝရအဖြေတစ်ခု (a permanent solution) ကိုမူ အမြန်ဆုံးရှာဖွေတွေ့ရှိအောင် ဆက်လက်ကြိုးပမ်းကြရဦးမည် ဖြစ်ပါသည်။ အကယ်၍တစ်စုံတစ် ယောက်သည် ဟူစတန်မြို့ပြဒေသကြီးသို့ သွားရောက်လည်ပတ်ရန်ဆန္ဒရှိသည်ဆိုပါက တစ်စုံတစ်ခုပြဿနာ (မြေနိမ့်ကျမှု) မဖြစ်မီ အမြန်ဆုံးသွားရောက်လည်ပတ်နိုင်ဖို့ ပြင်ဆင်သင့်ကြောင်း အကြံပြုလိုပါသည်။

(၄) ရှန်ဟိုင်းမြို့ (တရုတ်ပြည်သူ့သမ္မတနိုင်ငံ)

          တရုတ်ပြည်သူ့သမ္မတနိုင်ငံ (People’s Republic of China) မှ ရှန်ဟိုင်းမြို့ (Shanghai) ၏ အနာဂတ် ကာလအတွက်အခြေအနေနှင့်အလားအလာများသည် မကောင်းလှချေ။ ရှန်ဟိုင်းမြို့သည် တရုတ်နိုင်ငံ၏ ကမ်း ရိုးတန်းဒေသတွင်တည်ရှိပြီး ယင်း၏မြို့ပြဧရိယာသည် အစဉ်အမြဲပြန့်ကားကြီးထွား (sprawling) လျက်ရှိကာ တရုတ်ပြည်၏ ကမ္ဘာကျော်မြစ်ကြီးတစ်စင်းဖြစ်သော ယန်စီမြစ် (Yangze River) မြစ်ဝကျွန်းပေါ်၏ ရွှံ့ညွှန်ဒေသ (swamplands) ပေါ်တွင် တည်ဆောက်ထားသည့် မြို့ပြဒေသကြီးဖြစ်သည်။ ရှန်ဟိုင်းမြို့သည် (မြန်မာနိုင်ငံမှ ရန်ကုန်မြို့ကဲ့သို့ပင်) နဂိုမူလက ငါးဖမ်းသူများနေထိုင်ရာတံငါရွာငယ်လေးတစ်ရွာအဆင့်မျှသာ ဖြစ်ခဲ့သည်။ ဤ သို့ဖြင့် ၁၉ ရာစုအလယ်ခန့်မှစတင်၍ ရှန်ဟိုင်းမြို့ပြဒေသသည် အရပ်ရှစ်မျက်နှာမှလူအများအပြားကိုပို၍ ဆွဲ ဆောင်ခဲ့လေသည်။ တော်ရုံသင့်ရုံနေအိမ်အဆောက်အအုံများ (modest homes) နေရာတွင် သပ်ရပ်ရှုမော ဖွယ်ရာမိုးမျှော်အထပ်မြင့်အဆောက်အအုံများ (skyscrapers) က တစ်စတစ်စအစားထိုး နေရာယူခဲ့ကြပါသည်။ အာရှတိုက် (Asia)၏ အကောင်းဆုံးဈေးရောင်းဈေးဝယ် ဗဟိုဌာနကြီးများ (the best shopping venues)ကို ရှန်ဟိုင်းမြို့ပြဒေသကြီးတွင် တွေ့မြင်နိုင်သည်။များမကြာသေးမီအချိန်က ရှန်ဟိုင်းသည် ကမ္ဘာပေါ်တွင်လူနေ သိပ်သည်းမှု အများဆုံးမြို့ကြီးအဆင့် (the most densely populated city) သို့ ရောက်ရှိခဲ့သည်။ ၂ဝဝဝ ခုနှစ် က လူဦးရေသန်း ၂ဝ ကျော် နေထိုင်ခဲ့ပါသည်။ ရှန်ဟိုင်းမြို့ကြီးတွင် လျင်မြန်သောမြို့ပြဧရိယာချဲ့ထွင်မှု (rapid urban expansion) (ဝါ) မြို့ပြဖြစ်ထွန်းမှု (urbanization) ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည်မှာ ၂ဝ ရာစုနှစ်အစော ပိုင်းကာလမတိုင်မီအထိ အဆင်ပြေပြေရှိခဲ့သည်။ သို့သော် ယင်းကာလနောက်ပိုင်းတွင်မူ ရှန်ဟိုင်းမြို့ပြဒေသ ကြီး၌ စက်ရေတွင်းများဖြင့် မြေအောက်ရေထုတ်ယူသုံးစွဲမှုသည် အဓိကရင်းမြစ်တစ်ရပ်ဖြစ်လာခဲ့သည်။ အကျိုး ဆက်အားဖြင့် ယင်းရှန်ဟိုင်းမြို့ပြဒေသကြီး၏ အောက်ခံမြေသားနှင့်ကျောက်လွှာများမှာ သိသာထင်ရှားသော ထိခိုက်မှုများဖြစ်ပေါ်ခဲ့ရသည်။ PBS အလိုအရဆိုလျှင် ရှန်ဟိုင်းမြို့ပြဒေသကြီးသည် ၁၉၂၁ ခုနှစ်နှင့် ၁၉၆၅ ခုနှစ်အကြား နှစ်ပေါင်း ၄၅ နှစ်တာကာလအတွင်း မူလနေရာမှအောက်ဘက်သို့ အကြမ်းအားဖြင့် ၈ ပေ (၂.၄၄ မီတာ) ခန့် နိမ့်ကျခဲ့သည်။ တစ်နည်းအားဖြင့် တစ်နှစ်လျှင် ၂ လက်မ (၅.၁ စင်တီမီတာ) ကျော်ခန့်နှုန်းဖြင့် အ ထက်မှအောက်သို့နိမ့်ဆင်းနစ်ဝင်လျက် ရှိပါသည်။ရှန်ဟိုင်းမြို့ပြဒေသကြီးသည် ၁၉၆၅ ခုနှစ်မှယနေ့တိုင်အောင် ပင် တစ်နှစ်လျှင် ဝ.၅ လက်မ (၁.၂၇ စင်တီမီတာ) နှုန်းဖြင့် အောက်သို့ဆက်လက်နိမ့်ကျလျက်ရှိဆဲပင် ဖြစ်ပါ သည်။

          ကျွမ်းကျင်ပညာရှင်များ၏အလိုအရဆိုလျှင် ရှန်ဟိုင်းမြို့ပြဒေသကြီးကို အောက်သို့ဆက်လက်နိမ့်ကျနစ် ဝင်ခြင်းမဖြစ်ရလေအောင် ဟန့်တားဆောင်ရွက်ဖို့ကိစ္စမှာ မဖြစ်နိုင်တော့ဟုသိရသည်။ အကြောင်းမှာ ရှန်ဟိုင်း မြို့ပြဒေသကြီးကိုယ်တိုင်က ၎င်း၏အောက်ခံမြေကျောက်လွှာများအတွက် အလွန်အမင်းလေးလံနေပြီ (too heavy for its foundation) ဖြစ်သောကြောင့် ဖြစ်ပါသည်။ သို့စေကာမူ ရှန်ဟိုင်းမြို့ပြဒေသကြီး အောက်သို့ နိမ့်ကျခြင်းကို နှေးကွေးသွားစေရန်ကြိုးပမ်းဆောင်ရွက်မည်ဆိုလျှင် အထပ်မြင့်မိုးမျှော်အဆောက်အအုံများ (high- rise buildings) နောက်ထပ်အသစ်တည်ဆောက်သည့်အခါတိုင်း ယင်းတို့၏ ကြီးမားသောအလေးချိန် ကိုခံနိုင်ရည်ရှိစေရန်အတွက် ကွန်ကရစ်ကျောက်တိုင်ကြီးများ (concrete piles)ကို မြေအောက်ခပ်နက်နက်သို့ စိုက်ထည့်ပြီးမှာသာ တည်ဆောက်ကြရမည် ဖြစ်ပါသည်။ တစ်စုံတစ်ယောက်သည် ရှန်ဟိုင်းမြို့ပြဒေသကြီး၏ ထင်ရှားကျော်ကြားသော ဗိသုကာလက်ရာများကိုကြည့်ရှုလေ့လာရန် စိတ်ဝင်စားသည်ဆိုပါက အချိန်ကြာကြာ ဆွဲမနေဘဲ အမြန်ဆုံးသာသွားရော်ကကြည့်ရှုလိုက်ပါဟု တိုက်တွန်းလိုပါသည်။

 

 

(၅) နယူးအော်လင်းမြို့ (အမေရိကန်ပြည်ထောင်စုနိုင်ငံ)

          အတိတ်သမိုင်းတွင် ကိုလိုနီနယ်ချဲ့တို့က ပြင်သစ်ပိုင်လူဝစ်ဆီယားနား (French Louisiana) မြို့တော် အဖြစ် နယူးအော်လင်းမြို့ (New Orleans) ကို ရွေးချယ်ခဲ့ရခြင်း၏ အဓိကအကြောင်းအရင်းတစ်ရပ်မှာ ယင်း မြို့၏ ကုန်းတွင်းကျသောတည်နေရာ (inland locale) ကြောင့်ဖြစ်သည်။ ယနေ့မျက်မှောက်ကာလတွင်မူ ယင်း မြို့သည် အမေရိကန်ပြည်ထောင်စု၊ လူဝစ်ဆီယားနားပြည်နယ် (Louisiana State)၏ နယူးအော်လင်းမြို့ (New Orleans) ဖြစ်နေပေသည်။ သို့စေကာမူ နယူးအော်လင်းမြို့တွင် ရှေးယခင်ကရှိခဲ့ဖူးသောမြို့ကို ရေလွှမ်း ရေကြီးမှုဘေးအန္တရာယ်မှ အကာအကွယ်ပေးနိုင်ခဲ့သည့် ရေကာတာများ ၊ တာတမံများ ကျိုးပေါက်ပျက်ဆီးကုန် ကြပြီဖြစ်၍ ယခုအခါ အင်အားပြင်းထန်သောအပူပိုင်းမုန်တိုင်းကြီးများ၏ ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးမှုကို ခံစား ရမည့်ဖြစ်တန်ခြေမှာ ပိုမိုများပြားလာသည်။ အကယ်စင်စစ် အမေရိကန်ပြည်ထောင်စုနိုင်ငံတွင် လူအများနှစ် သက်သဘောကျသော ပထဝီဝင်နယ်မြေတစ်ခုဖြစ်သည့် နယူးအော်လင်းမြို့ပြဒေသကြီး၏ ဧရိယာတစ်ဝက်ခန့် မှာ ပင်လယ်ရေမျက်နှာပြင်တွင် (သို့မဟုတ်) ပင်လယ်ရေမျက်နှာပြင်အောက်တွင် တည်ရှိနေပေသည်။

          နယူးအော်လင်းမြို့ပြဒေသကြီး နိမ့်ကျနေမှုအခြေအနေ (downhill situation)ကို ကျွမ်းကျင်ပညာရှင် များအမှန်တကယ် သတိထားမိခဲ့သည်မှာ အပူပိုင်းမုန်တိုင်းကြီးဟာရီကိန်း ကတ်ထရီးနား ဝင်ရောက်မွှေနှောက် တိုက်ခတ်ဖျက်ဆီးသွားပြီးသည့်နောက်ပိုင်းအချိန်ကျမှသာ မဟုတ်ပါ။ ၂ဝဝ၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင် စုနိုင်ငံအခြေစိုက် အမျိုးသားပထဝီဝင်အသင်းကြီး (National Geographic Society – NGS) က ထုတ်ပြန်ကြေ ညာခဲ့သော အစီရင်ခံစာအရဆိုလျှင် နယူးအော်လင်းမြို့ပြဒေသကြီးသည် ဟာရီကိန်း ကတ်ထရီးနား တိုက်ခတ် ခြင်းမခံရမီ (၂ဝဝ၅ ခုနှစ် မတိုင်မီ) နှစ်များအတွင်က တစ်နှစ်လျှင် ဝ.၂၅ လက်မ (ဝ.၆၄ စင်တီမီတာ)ခန့်နှုန်း ဖြင့် မြေလွှာနိမ့်ကျခဲ့သည်ဟု ဆိုပါသည်။ အလားတူအချိန်ကာလအတွင်း နယူးအော်လင်းမြို့ပြဒေသကြီးအား မက္ကဆီကိုပင်လယ်ကွေ့ (Gulf of Mexico) ဘက်မှတက်လာမည့်ရေကြီးရေလျှံမှုဘေးအန္တရာယ်မှ ကာကွယ်ရန် အထူးဒီဇိုင်းရေးဆွဲ၍ ကာရံဆောက်လုပ်ထားခဲ့သော နုန်းတာများ (levees) သည် မြို့ပြဒေသကြီးနိမ့်ကျသည့် နှုန်း၏လေးဆ၊ ငါးဆခန့်ရှိသည့် နှုန်းဖြင့်နိမ့်ကျခဲ့သည်ဟု သိရပါသည်။ အဆိုပါအကြောင်းတရားများကြောင့် ဟာရီကိန်း ကတ်ထရီးနား လက်တွေ့တိုက်ခတ်သောအခါ နယူးအော်လင်းမြို့ပြဒေသကြီးသည် ယင်းမုန်တိုင်း ကြီးကြောင့် ဖြစ်ပေါ်လာသည့်ဘေးအန္တရာယ်များ ထိခိုက်မှုများ၊ လက်ငင်းဆိုးကျိုးများနှင့် နောက်ဆက်တွဲဆိုး ကျိုးများကို ရက်ရှည်လများခံစားတွေ့ကြုံခဲ့ရပါသည်။နယူးအော်လင်းမြို့ပြဒေသကြီး ကြုံတွေ့နေရသော မြေနိမ့် ကျမှုပြဿနာနှင့်စပ်လျဉ်း၍ ဘာမျှများများစားစားလုပ်ပေးနိုင်မည်မဟုတ်၊ ဖြေရှင်းကယ်ဆယ်နိုင်မည်မဟုတ်ဟု ကျွမ်းကျင်ပညာရှင်များက ဆိုကြပါသည်။ အမေရိကန်ပြည်ထောင်စုနိုင်ငံ ၊အမျိုးသားအင်ဂျင်နီယာအကယ်ဒမီ (National Academy of Engineering) နှင့်အမျိုးသားသုတေသနကောင်စီ (National Research Council) တို့၏ ၂ဝဝ၉ ခုနှစ်တွင် ပြုစုထုတ်ဝေသော အစီရင်ခံစာတစ်စောင်အရဆိုလျှင် နယူးအော်လင်းမြို့ပြဒေသကြီး၏ အနီးပတ်ဝန်းကျင်တွင်ရှိသော နုန်းတာများ (levees) နှင့်ရေကာတံတိုင်းများ (floodwalls) သည် ဆိုးရွားသော အစွန်းရောက်မိုးလေဝသနှင့်ဇလဗေဒဖြစ်စဉ်များဖြစ်ပေါ်ခဲ့လျှင် ပြိုလဲခြင်း ၊ ပျက်စီးခြင်းဘေးမှ ရာနှုန်းပြည့် အ ကာအကွယ်ပေးနိုင်မည်ဟု အာမ မခံနိုင်ချေ။ အကယ်၍ ပြန်လည်နေရာချထားရေးလုပ်ငန်းများ (relocation) ဆောင်ရွက်ရန် အဆင်မပြေခဲ့ပါက နည်းလမ်းတစ်ရပ်အနေဖြင့် အဆောက်အအုံတိုင်း၏ ပထမထပ်ကို လက်ရှိ အနေအထားမှ အနည်းဆုံးနှစ် ၁ဝဝ ရေကြီးရေလျှံမှုဖြစ်လျှင် ရေအမြင့်ဆုံးတက်နိုင်သောအမြင့် (100 – year flood level) အထိ တိုးမြှင့်တည်ဆောက်ပေးဖို့ လိုအပ်မည်ဖြစ်ပါသည်။

 

 

(၆) ဗင်းနစ်မြို့ (အီတလီနိုင်ငံ)

          ဗင်းနစ်မြို့ကို အချို့က La serenissima ဟု ခေါ်ဆိုတက်ကြပါသည်။ အငြိမ်းချမ်းဆုံးနေရာ (the most serene one) ဟု အဓိပ္ပါယ်ထွက်ပါသည်။ ရေတွင် တစ်စိတ်တစ်ပိုင်းနစ်မြုပ်လျက်ရှိသည့် သစ်သားပြားများ၊ ပျဉ် ပြားများပေါ်တွင် မြင့်မားထည်ဝါသော စိန့်မတ်ဘာဆီလီကာ (St. Mark’s Basilica) အဆောက်အအုံနှင့် ပြန့် ကားထွက်နေသော ပီယာဇာစန်မာကို (Piazza San Marco) တို့ကို တည်ဆောက်ရန် အီတလီနိုင်ငံ ၊ ဗင်းနစ် မြို့ရှိ မြို့နေလူအပေါင်းက စဉ်းစားဆုံးဖြတ်ဆောင်ရွက်လာခဲ့ကြသည်မှာ နှစ်ပေါင်း ရာနှင့်ချီ၍ ကြာမြင့်ခဲ့ပြီ ဖြစ် သည်။ ဗင်းနစ်မြို့သူမြို့သားများသည် ကုန်းလမ်းခရီးကိုအသုံးမပြုဘဲ တူးမြောင်းများကိုသာအသုံးပြုပြီး တစ်နေ ရာမှတစ်နေရာသို့ သွားလာကြသည်။ဗင်းနစ်မြို့ကောင်းစားစဉ် ရှေးယခင်အခါက မြို့၏ပထဝီဝင်တည်နေရာ သည် များစွာအဓိပ္ပါယ်ရှိပါသည်။ မြေထဲပင်လယ်ဒေသတစ်ခုလုံး၏ ကူးသန်းရောင်းဝယ်ရေး၊ ကုန်သွယ်ရေးတို့ ကို ရေရှည်ထိန်းချုပ်နိုင်ရေးအတွက် ဗင်းနစ်မြို့သူမြို့သားများအနေဖြင့်ပင်လယ်သို့တိုက်ရိုက်ဆက်သွယ်ရောက် ရှိဖို့၊ ထွက်ပေါက်ရှိဖို့ (directaccess to the sea) လိုအပ်ခဲ့ပါသည်။ သို့သော် ဗင်းနစ်မြို့ပြဒေသအတွက် လိုအပ်သောရေချိုကို တူးဖော်ထုတ်လုပ်သုံးစွဲခြင်းသည် ငါးတစ်ကောင်၏ပုံသဏ္ဍာန်နှင့်တူဆင်တူသောမြို့ (fish shaped city) အတွက် အနုတ်လက္ခဏာအကျိုးသက်ရောက်မှုများ (negative impact) (ဝါ) ဆိုးကျိုးများကို ဖြစ်ပေါ်စေခဲ့သည်။

          ခရစ်ယာန်သိပ္ပံမော်နီတာ (The Christian Science Monitor) သတင်းစာကြီး၏ အာဘော်အရဆိုလျှင် ဗင်းနစ်မြို့ပြဒေသသည် လွန်ခဲ့သောနှစ်ပေါင်း ၁ဝဝ ကာလအတွင် ၁ ပေ (၃ဝ.၁ စင်တီမီိတာ) နီးပါးခန့် နိမ့်ကျ ခဲ့ပြီး ဖြစ်သည်ဟု သိရသည်။ဤအခြေအနေကို ပိုမိုဆိုးရွားစေသည်ကတော့ တစ်ဖက်တွင်မြေထဲပင်လယ်၏ ရေ မျက်နှာပြင်ကလည်း အငြိမ်မနေဘဲ တရိပ်ရိပ်မြင့်တက်လာနေခြင်းပင် ဖြစ်သည်။ အာကွာအော်လတာ (Acqua Alta) ခေါ် တက်ရေ (high water) သည် ယင်းအား လာရောက်ကြည့်ရှုလေ့လာရန် ပြည်တွင်းပြည်ပခရီးသည် အမြောက်အမြားကိုဆွဲဆောင်ခေါ်ယူပေးနိုင်သကဲ့သို့ တစ်ပြိုင်နက်တည်းမှာပင် ဤဗင်းနစ်မြို့အား ဒုက္ခပေးလာ ခဲ့သည်မှာလည်း ရာစုနှစ်ပေါင်းများစွာကြာခဲ့ပြီ ဖြစ်သည်။ ဗင်းနစ်မြို့၌ များမကြာမီနှစ်များအတွင်းတွင်လည်း ရေ ကြီးရေလျှံမှုဖြစ်ကြိမ်နှုန်း (flooding frequency) သည် သိသာထင်ရှားစွာ တိုးတက်မြင့်မားလာသည်ကိုတွေ့ရ သည်။ဗင်နစ်မြို့သည် တစ်နှစ်လျှင်တက်ရေ (ဝါ) ရေကြီးရေလွှမ်းမိုးမှုအကြိမ် ၆ဝ ကျော်ခန့် ပြင်းပြင်းထန်ထန် တွေ့ကြုံခံစားရသည်ဟု ပညာရှင် ဂျပ်စတင်ဒီမီထရီ (Justin Demetri) က LifeInItaly.com ဝက် (ဘ်) စာ မျက်နှာတွင် ဖော်ပြခဲ့သည်။

          ဗင်းနစ်မြို့ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး (Preserving Venice) မှာ အီတလီအစိုးရ၏ ဦးစား ပေးဆောင်ရွက်သည့် လုပ်ငန်းတစ်ရပ်အဖြစ် နှစ်ပေါင်း ၃ဝ ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ယူရိုငွေ (euros) ဘီလီ ယံပေါင်းများစွာကို ကျခံသုံးစွဲပြီး ရေကြီးရေလျှံမှုဘေးမှ ကာကွယ်ပေးသည့်စနစ် (flood defense system) တစ်ခုဖြစ်သော MOSE Project ကို ၂ဝ၁၁ ခုနှစ်မှစတင်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဗင်းနစ်မြို့ပြဒေသမှ ရေများကို ထုတ်နုတ်ပစ်မည့်ရေထုတ်တံခါးပေါင်း ၇၈ ခုကို အဆင့်ဆင့် တည်ဆောက်မည်ဖြစ်ပါသည်။ သို့သော် ကျွမ်းကျင်ပညာရှင်အချို့ကမူ ဗင်းနစ်မြို့ကို နိမ့်ကျခြင်းဘေးမှကယ်တင်ဆယ်မရန်အတွက် တစ်ခုတည်းသော နည်းလမ်းမှာ မြို့ပြဒေသကြီးတစ်ခုလုံးပေါင်းစု၍ ရေလွတ်ရာတစ်နေရာသို့ ရွေှ့ပြောင်းပေးနိုင်မှသာဖြစ်မည်ဟု ဆိုကြပါသည်။

 

 

 

(၇) မက္ကဆီကိုစီးတီး (မက္ကဆီကို နိုင်ငံ)

          မက္ကဆီကိုနိုင်ငံ (Mexico)၏ မြို့တော်ဖြစ်သောမက္ကဆီကိုစီးတီး (Mexico City) သည် မက္ကဆီကိုချိုင့် ဝှမ်း (Valley of Mixico) အတွင်းရှိ ရှေးဟောင်းရေအိုင်တစ်ခု၏ အောက်ခင်းကြမ်းပြင်ဖြစ်ခဲ့ဖူးသောအရပ်ဒေသ တွင် တည်ရှိပြီး မြေနိမ့်ကျခြင်းဖြစ်စဉ်ကို ရာစုနှစ်ပေါင်းများစွာတွေ့ကြုံခံစားခဲ့ရပြီး ဖြစ်သည်။ သို့စေကာမူ ဘူမိ ဗေဒပညာရှင်များ (Geologists) ၏ အလိုအရဆိုလျှင် ဤမက္ကဆီကိုစီးတီးမြို့ပြဒေသကြီး (ဝါ) မက်ထရိုပိုလစ် (metropolis) ၏ အစိတ်အပိုင်းများသည် တစ်နှစ်လျှင် ၈ လက်မ (၂ဝ.၃ စင်တီမီတာ) နှုန်းဖြင့် လျင်မြန်စွာနိမ့် ကျနေသည်ဟု ဆိုပါသည်။ ကောင်းမွန်လုံလောက်သော ရေဆင်းစနစ် (sufficient drainage system) မရှိ သောကြောင့် မက္ကဆီကိုစီးတီးမြို့ပြဒေသကြီးသည် အနီးပတ်ဝန်းကျင်တောင်တန်းများပေါ်မှ စီးဆင်းလာသော မြေအောက်ရေများမှတဆင့် ရေကြီးရေလျှံမှုဘေးအန္တရာယ်ကို ပြင်းပြင်းထန်ထန်တွေ့ကြုံခံစားခဲ့ရသည်။ ထို့ ကြောင့်လည်း အကျိုးဆက်အားဖြင့် အလွန်ကြီးမားကျယ်ပြန့်သော မြေအောက်ရေဆင်းစနစ် (underground drainage system) တစ်ခုကို တည်ဆောက်ထားရသည်။ သို့သော် လွန်ခဲ့သော ၂ဝ ရာစုနှစ်အတွင်းတွင် တက်(စ်)ကိုကိုရေအိုင် (Texcoco Lake) ၏ အောက်ခင်းကြမ်းပြင်မှ မြေအောက်ရေများကို အလွန်အကျွံထုတ် ယူသုံးစွဲမှု (over – extraction) ပြုလုပ်ခဲ့ခြင်းကြောင့် မက္ကဆီကိုစီးတီးမြို့ပြဒေသကြီး၏အောက်ခံမြေစေးလွှာ (clay foundation) များမှာ ထိခိုက်ပြိုကွဲပျက်စီးမှုဖြစ်ခဲ့ရသည်။ ဤအကြောင်းတရားသည် မက္ကဆီကိုစီးတီးမြို့ပြ ဒေသကြီးအား အောက်သို့ပိုမို၍နိမ့်ကျမှု (ဝါ) နိမ့်ဆင်းနစ်ဝင်မှုကို ဖြစ်ပေါ်စေရန်တွန်းအားပေးခဲ့ပါသည်။ ထို့အ ပြင် မက္ကဆီကိုစီးတီးမြို့ပြဒေသကြီးနိမ့်ကျမှုနှင့်အတူ မြေအောက်ရေဆင်းစနစ်သည်လည်း နိမ့်ဆင်းခဲ့ရသည်။ ထိုအခါ မြို့ပြဒေသကြီးတစ်ခုလုံးမှ စွန့်ထုတ်ထားခဲ့သော စွန့်ပစ်ရေဆိုးများ (waste water) ၊ ရေပုပ်ရေသိုးများ သည် မြို့ပြဒေသကြီးရှိရာဘက်သို့ လမ်းကြောင်းပြောင်းပြန်စီးဆင်းခြင်း (reverse flow) ဖြစ်ပေါ်သည်။ ဝက် (ဘ်) စာမျက်နှာတစ်ခုဖြစ်သော AZCentral.com အလိုအရဆိုလျှင် မက္ကဆီကိုစီးတီးမြို့ပြဒေသကြီး၏ ရေဆင်း ရေနုတ်နိုင်သောစွမ်းရည် (drainage capacity) သည် ၁၉၇၅ ခုနှစ်မှစတင်၍ ယနေ့တိုင်အောင် နှစ်ပေါင်း ၄ဝ နီးပါးကာလအတွင်းတွင် ၃ဝ ရာခိုင်နှုန်း ခန့် လျော့နည်းကျဆင်းခဲ့သည်ဟု သိရပါသည်။

          ဤကဲ့သို့ နိမ့်ကျနစ်ဝင်လျက်ရှိသော မက္ကဆီကိုစီးတီးမြို့ပြဒေသကြီးအား ရေတွင်ပေါလောပေါ်စေနိုင် မည့် ပရိုဂျက်ပေါင်းများစွာကိုရေးဆွဲစီမံပြီး ကြိုးပမ်းဆောင်ရွက်လ်ျရှိရာ အရှေ့ပိုင်းရေဆင်းရေနုတ်လိုဏ်ခေါင်း (Eastern Drainage Tunnel) စီမံကိန်းလည်း တစ်ခုအပါအဝင်ဖြစ်သည်။ ယင်းရေနုတ်လိုဏ်ခေါင်းသည် ၂၃ ပေ (၇ မီတာ) ကျယ်ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ ကုန်ကျမည့်ပရိုဂျက် ဖြစ်သည်။ မက္ကဆီကို စီးတီးမြို့ပြဒေသကြီးတစ်ခုလုံးမှ စွန့်ထုတ်သည့်ရေဆိုးရေပုပ်များကို မြို့ပြဒေသကြိး၏မြောက်ဘက် မိုင် ၄ဝ (၆၅ ကီလိုမီတာ) ခန့် ကွာဝေးသောနေရာသို့ စွန့်ပစ်မည့်စီမံကိန်းဖြစ်ပါသည်။ အဆိုပါ အရှေ့ပိုင်း ရေဆင်းရေ နုတ်လိုဏ်ခေါင်းကို ၂ဝ၁၂ ခုနှစ်တွင် ပြီးစီးအောင်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ ရှေးဟောင်းယဉ်ကျေးမှုအမွေ အနှစ်၊ တိုင်းရင်းဗိသုကာလက်ရာအမွေအနှစ်တို့ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအတွက် အထောက် အကူဖြစ်စေမည့် လုပ်ငန်းများကိုလည်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။ ဥပမာ - သမ်ုင်းဝင်နယ်မြေ (Historic District) တွင် တည်ရှိ၍ နာမည်ထင်ရှားကျော်ကြားလူသိများလှသည့် မက်ထရိုပိုလီတန် ဘုရား ကျောင်းတော် (Metropolitan Cathedral) သည် မက္ကဆီကိုစီးတီးမြို့ပြဒေသကြီး၏ အဓိကခရီးသည်ဆွဲ ဆောင်ရာနေရာတစ်ခုဖြစ်သဖြင့် အခြားသော သမိုင်း ၊ ယဉ်ကျေးမှု ၊ ဗိသုကာအမွေအနှစ်လက်ရာ အဆောက် အအုံများကဲ့သို့ပင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှုကို ခံထားရသည်။ အင်ဂျင်နီယာကျွမ်းကျင်ပညာရှင်များ ၏ အလိုအရဆိုလျှင် အကောင်းဆုံးအစီအမံများဖြင့် မည်မျှကြိုးပမ်းဆောင်ရွက်စေကာမူ မက္ကဆီကိုစီးတီးမြို့ပြ ဒေသကြီးအား နိမ့်ကျနစ်ဝင်နေမှုအန္တရာယ်မှ လွတ်ကင်းအောင်ဆောင်ရွက်ရန်ကိစ္စမှာ မဖြစ်နိုင်ကြောင်း၊ နည်း လမ်းမရှိကြောင်း သိရှိရပါသည်။

          မက္ကဆီကိုစီးတီးမြို့ပြဒေသကြီးသည် စိုးရိမ်ဖွယ်ကောင်းသောနှုန်းတစ်ခုဖြင့် နိမ့်ကျလျက်ရှိသည်။ ဤ မြို့တော်ကြီးကို ခရစ်နှစ် ၁၅ဝဝ ပြည့်နှစ်များအတွင်းက အက်(ဇ)တက်လူမျိုးများ (Aztecs) သည် ရေအိုင်တစ် အိုင်၏ အလယ်တွင်ရှိသောကျွန်းတစ်ကျွန်းပေါ်တွင် တည်ဆောက်ထားခဲ့ကြသည်။ ထိုအချိန်ကတည်းကပင် စ တင်၍ ရေကြီးရေလျှံမှု (Flooding) သည် မက္ကဆီကိုစီးတီးအတွက် အဓိကပြဿနာကြီးတစ်ရပ်အနေဖြင့် ယနေ့ တိုင်အောင် ရပ်တည်လာခဲ့ပေသည်။ ရေကြီးရေလျှံမှုပြဿနာကို ထိန်းချုပ်ရန်ကြိုးပမ်းအားထုတ်မှုမှန်သမျှသည် အရာထင်ခဲ့ခြင်းမရှိခဲ့ပါချေ။ ထို့အပြင် မက္ကဆီကိုစီးတီး၏ မြို့ပြလူဦးရေတိုးပွားများပြားလာသည်နှင့်အမျှ ရေကြီး ရေလျှံမှုပြဿနာမှာလည်း တစ်နေ့တခြားကြီးမားလျက်ရှိပါသည်။ မက္ကဆီကိုစီးတီးမြို့ပြဒေသကြီး၏ အစိတ်အ ပိုင်းများသည် အောက်သို့နိမ့်ကျနစ်ဝင်လျက် ရှိပါသည်။

 

ပါမောက္ခ မောင်မောင်အေး (ဘူမိရုပ်သွင်)

 

×××××××××××××××××××××

         

မြစ်ချောင်းတွေပိတ်ဆို့ပြီး တာတမံတုတ်လိုက်ရင် တူညီသောဆိုးကိုကိုခံစားရမယ်

ပြည်ထောင်စုဖွားတိုင်းရင်းသားများ မှီခိုအားထားရာမြစ်ချောင်းများသည် မြန်မာနိုင်ငံဒေသအနှံ့အပြား သဘာဝအလျောက်ဖြစ်ထွန်းလျက်ရှိပြီး နိုင်ငံသားအားလုံး၏သားစဉ်မြေးဆက်အဓွန့်ရှည်စွာ အသက်သွေးကြော သဖွယ်အကျိုးပြုနေကြောင်း လူကြီးလူငယ်များသဘောပေါက်ပါက သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းရာ ရောက်သည်ဟု သိရသည်။

          “မြန်မာနိုင်ငံမြေပုံကိုကြည့်လိုက်ပါ။ မြစ်တွေချောင်းတွေချည်းပဲ စိပ်နေတာကိုတွေ့ရလိမ့်မယ်။ ဘာနဲ့တူ သလဲဆိုတော့ ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးကြောတွေနဲ့တူတယ်။ သွေးလည်ပတ်ပုံစနစ်နဲ့တူတယ်။ အဲဒီသွေးကြေလှည့်ပတ်မှုစနစ်ကို တစ်နေရာရာကပိတ်လိုက်မယ်ဆိုရင် လူမှာဒုက္ခရောက်မှာပေါ့။ အဲဒီအတိုင်းပဲ သဘာဝပတ်ဝန်းကျင်မှာရှိနေတဲ့ မြစ်တွေ၊ ချောင်းတွေကိုလည်းပိတ်ဆို့လိုက်ရင် တမံတွေတုတ်လိုက်ရင် တူညီ သောဆိုးကျိုးကို ခံစားရမယ်။ သူတို့ကတော့ကြာတာပေါ့။ လူကတော့သက်ရှိဆိုတော့မြန်တာပေါ့။ အဲ့တာကို မြန်မာနိုင်ငံသားတွေအားလုံးသဘောပေါက်သွားကြပြီ။ လူကြီးလူငယ်တွေ သဘောပေါက်သွားပြီဆိုရင် အောင် မြင်ပြီ” ဟု ရန်ကုန်အဝေးသင်တက္ကသိုလ် တာဝန်ခံပါမောက္ခချုပ်(ငြိမ်း)၊ မြစ်ချောင်းများဆိုင်ရာဘူမိရုပ်သွင်ပညာ ရှင်၊မြန်မာ့ပထဝီဝင်အသင်းဥက္ကဋ္ဌ၊Patron and Chief Advisor of Myanmar Environmental Institute (MEI)မှပါမောက္ခဦးမောင်မောင်အေးကပြောသည်။

          “လူက သဘာဝပတ်ဝန်းကျင်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာကို ရာခိုင်နှုန်းပြည့်ဘဝင်ကျကျ လက်ခံဖို့တော့ လိုတယ်ဗျ။ အဲ့ဒီလိုမထင်ဘဲနဲ့ သဘာဝပတ်ဝန်းကျင်က သပ်သပ်၊ လူတွေက သပ်သပ်လို့ထင် နေသမျှကာလပတ်လုံး ဘယ်တော့မှ သဘာဝပတ်ဝန်းကျင်ကိုထိထိရောက်ရောက်နဲ့ တွင်တွင်ကျယ်ကျယ်အ ကျိုးရှိအောင်လို့ ထိန်းသိမ်းနိုင်လိမ့်မယ်လို့တော့ ကျွန်တော်မထင်ဘူး။ လူဟာ သဘာဝပတ်ဝန်းကျင်ရဲ့အစိတ် အပိုင်းတစ်ခုဖြစ်တယ်ဆိုတာကို လူတွေသဘောပေါက်လာအောင် စည်းရုံးဖို့တော့လိုမယ်”ဟု ပါမောက္ခ ဦးမောင်မောင်အေးကဆက်လက်ပြောကြားသည်။

          မြန်မာနိုင်ငံတဝန်းလုံးရှိမြစ်ချောင်းများ သက်တမ်းရှည်ကြာစွာရပ်တည်နိုင်ရေးအတွက် တိုင်းရင်းသား ပြည်သူအားလုံး အစိုးရနှင့်သက်ဆိုင်ရာဌာနတွေအားလုံး စည်းလုံးညီညွတ်စွာ သတိရှိရှိ၊ အသိဥာဏ်ရှိရှိဖြင့် လုံ့လဝိရိယစိုက်၍ပူပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်းသိရသည်။

 

မတ်လ ၁၃ ရက်၊ ၂ဝ၁၅ ခုနှစ် (သောကြာနေ့)ထုတ် ဧရာဝတီနှင့်Hot News ဂျာနယ်မှ အသင်းအတွက်ကူးယူဖော်ပြပါသည်။

++++++++++++++++++++++++

 

ဧရာဝတီမြစ်နဲ့ပက်သက်ပြီး ကျစ်လစ်ခိုင်မာတဲ့အဖွဲ့အစည်းကြီးမရှိသေးဘူး

 

 

                မြန်မာနိုင်ငံတိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏အသက်သွေးကြောသဖွယ် မှီခိုအားထားနေရသော ဧရာ ဝတီမြစ်ကြီးရေရှည်ရပ်တည်ရှင်သန်နိုင်ရေးနှင့်ပက်သက်၍ လက်ရှိမြစ်များရပ်တည်ရှင်သန်ရေးဆွေးနွေးပွဲတွင် ပါဝင်ဟောပြောသူပညာရှင်များအနက်မှ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ တာဝန်ခံပါမောက္ခချုပ် (အငြိမ်းစား) မြစ်ချောင်းများဆိုင်ရာဘူမိရုပ်သွင်ပညာရှင် မြန်မာ့ပထဝီဝင်အသင်းဥက္ကဋ္ဌ Patron and Chief Advisor of Myanmar Environmental Institute (MEI)မှ ပါမောက္ခဆရာကြီးဦးမောင်မောင်အေးအား တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါသည်။

မေး - ပါမောက္ခကြီးခင်ဗျာ၊ မြန်မာနိုင်ငံမှာအရှည်ဆုံးမြစ်ဖြစ်ပြီးတော့ အသက်သွေးကြောသဖွယ်တစ်နိုင်ငံလုံးကို အကျိုးပြုနေတဲ့ ဧရာဝတီမြစ်ကြီးကပြည်သူတွေကိုအကျိုးပြုနေသလို အစိုးရနဲ့ပြည်သူတွေကလည်းမြစ်ကြီးကို ဘယ်လိုကျေးဇူးပြန်ပြုသင့်သလဲဆိုတာ ပါမောက္ခကြီးရဲ့အမြင်ကိုပြောပြပေးပါ။

ဖြေ - ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှာ ဒီကနေ့အထိဧရာဝတီမြစ်နဲ့ပက်သက်ပြီးကျစ်လစ်ခိုင်မာတဲ့ အဖွဲ့ အစည်းကြီးမရှိသေးဘူး။ ကျွန်တော်တို့နိုင်ငံဟာ ဧရာဝတီမြစ်ဝှမ်းပေါ်မှာအခြေပြုပြီးတည်ဆောက်ထားတဲ့နိုင်ငံ ဖြစ်တယ်။ နိုင်ငံရဲ့ ၅၈ ရာခိုင်နှုန်းကနေ ၆ဝ ရာခိုင်နှုန်းလောက်အထိ ဒီဧရာဝတီမြစ်ဝှမ်းဒေသကြီးကနေရာယူ ထားတာ ဒါကိုကြည့်မယ်ဆိုရင်ဧရာဝတီမြစ်ဝှမ်းဒေသကြီးကဘယ်လောက်အရေးကြီးတယ်ဆိုတာ ကျွန်တော်တို့ နိုင်ငံအတွက်သိသာပါတယ်။ ပြည်သူတွေကအရေးကြီးတာကိုအရေးကြီးမှန်းမသိကြဘဲ အနီးကပ်ကျေးဇူးတင်ရ မယ့်အရာကိုမေ့နေတတ်တယ်။ အဲ့ဒါကြောင့် ဧရာဝတီမြစ်ဝှမ်းဒေသကြီးနဲ့တကွ မေခ၊ မေလိခမှအစ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကြီးအထိ ရေရှည်ရပ်တည်ရှင်သန်နိုင်ရေးအတွက်ကျစ်လစ်ခိုင်မာတဲ့အဖွဲ့အစည်း ကြီးနဲ့အမြဲမပြတ်ထိန်းသိမ်းစောင့်ရှောက်ပြီး ပြည်သူနဲ့တကွကျေးဇူးဆပ်ဖို့ အကြံပြုချင်ပါတယ်။

          အဲ့ဒီအဖွဲ့ကြီးမှာဧရာဝတီမြစ်နဲ့ပက်သက်တဲ့သဘာဝရူပပထဝီဝင် သဘာဝအခြေခံအချက်အလက်တွေ၊ လူမှုအခြေခံအချက်အလက်တွေ၊ စီးပွားရေးဆိုင်ရာအချက်အလက်တွေ၊ ဇီဝမျိုးကွဲတွေရဲ့ Data Information တွေကိုစနစ်တကျထိန်းသိမ်းထားတဲ့ဌာနကြီးတစ်ခုရှိရမယ်။ အခုပြောတဲ့ကိစ္စက ကျွန်တော့်ရဲ့ own propose ပါ။ ကျွန်တော်ဖွဲ့စည်းစေချင်တာက ဧရာဝတီမြစ်ဝှမ်းဖွံ့ဖြိုးတိုးတက်ရေးအမျိုးသားကော်မရှင်ပါ။ အင်္ဂလိပ်လိုဆို ရင်တော့ National Commission For the Development of Ayeyarwady River Basin လို့ဆိုနိုင်ပါတယ်။ အဲ့ဒီအမျိုးသားကော်မရှင်က ဧရာဝတီမြစ်ကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာတည်သရွေ့ရှိနေရမယ်။ အခုအ ထိ အဲ့ဒီအဖွဲ့ကြီးမရှိသေးတဲ့အတွက်ကြီးစွာသောဟာကွက်ကြီး ဖြစ်နေပါတယ်။

          အဲ့ဒီအဖွဲ့ကြီးရှိနေရင် ဧရာဝတီမြစ်ဆုံမှာဆည်ပဲဆောက်ဆောက်၊ အခြားမေခ၊ မေလိခမြစ်တွေမှာဆည် ပဲဆောက်ဆောက်၊ ဘယ်နေရာမှာပဲဆောက်ဆောက် ဧရာဝတီမြစ်ဝှမ်းဒေသကြီးအတွင်းမှာဆည်ဆောက်ရုံတင် မကဘူး စိုက်ပျိုးရေးပဲလုပ်လုပ်၊ စက်မှုလုပ်ငန်းနဲ့စက်ရုံအလုပ်ရုံတွေတည်တည်၊ သတ္တုပဲတူးတူး၊ ရွှေပဲတူးတူး၊ မြို့တွေရွာတွေတည်ဆောက်တည်ဆောက်၊ တံတားတွေဆောက်ဆောက်၊ သစ်ပင်ပဲခုတ်ခုတ်၊ ဘာတွေပဲလုပ် လုပ် ဧရာဝတီမြစ်ဝှမ်းဒေသကြီးထဲမှာ Social Activity လုပ်မယ်ဆိုရင် ခုနကပြောတဲ့အဖွဲ့အစည်းကြီးရဲ့ ထောက်ခံချက်ပါရမယ်။ ခွင့်ပြုချက်နဲ့လုပ်ရမယ်။ အဲ့ဒီအဖွဲ့အစည်းကြီးထဲမှာ Data တွေအချုပ်ရှိရမယ်။ Base တွေကသူတို့ဆီမှာပဲရှိရမယ်။ အခု ကျွန်တော်တို့ဆီမှာ Base Line Data တွေမရှိဘူး။ အဲ့ဒါကြောင့်မို့ အဖွဲ့ကြီး ရှိဖို့ကျွန်တော်တိုက်တွန်းချင်ပါတယ်။

မေး - ပါမောက္ခကြီးအကြံပြုတဲ့အဖွဲ့အစည်းကြီးဖွဲ့တဲ့အခါမှာ ဧရာဝတီမြစ်ကြီးအတွက်ဘယ်လိုပညာရှင်တွေပါ သင့်ပါသလဲ။

ဖြေ - ဧရာဝတီမြစ်ဝှမ်းဖွံ့ဖြိုးတိုးတက်ရေးအမျိုးသားကော်မရှင်မှာ ပညာရှင်မျိုးစုံ၊ မျိုးကွဲတွေပါဝင်တဲ့အတွက် ပထဝီဝင်ပညာရှင်တွေ၊ ဘူမိရုပ်သွင်နဲ့ဘူမိဗေဒပညာရှင်များပါရမယ်။ နောက်ပြီး ရာသီဥတုနဲ့မိုးလေဝသပညာ ရှင်များပါရမယ်။ ရူပဗေဒ၊ ဓါတုဗေဒ၊ ဇီဝဗေဒ၊ ရုက္ခဗေဒ၊ သတ္တဗေဒပညာရှင်တွေပါရမယ်။ ထို့အတူပဲ ဝိဇ္ဇာဘာ သာရပ်ဘက်ကဆိုရင် လူမှုရေး၊ စီးပွားရေးပညာရှင်တွေပါရမယ်။ ဥပဒေပညာရှင်တွေလည်းပါဝင်ရမယ်။အစုံ ပေါ့ဗျာ။ သဘာဝပတ်ဝန်းကျင်နဲ့ပက်သက်တဲ့ပညာရှင်တွေလည်းပါရမယ်။ အဲ့ဒါတွေဟာ ပညာရပ်မျိုးစုံမျိုးကွဲ တွေရဲ့ပညာရှင်တွေပေါ့။ ဒါ့အပြင် စိုက်ပျိုးရေးသိပ္ပံ၊ မွေးမြူရေးသိပ္ပံ၊ ဆေးသိပ္ပံနဲ့ သစ်တောပညာရှင်တွေလည်း ပါရမှာပေါ့ဗျာ။ တကယ်တတ်ကျွမ်းတဲ့ပညာရှင်တွေပါဝင်ပြီးတော့ အမြဲမပြတ် (Nonstop)သုတေသနလုပ်ရမယ်။ ပြည်တွင်းကပညာရှင်မျိုးစုံမျိုးကွဲပေါင်းပြီးတော့လုပ်နေရင်လည်းလုပ်၊ ပြည်ပကပညာရှင်တွေနဲ့လည်းပူးပေါင်းပြီး လုပ်။ ဘာပဲဖြစ်ဖြစ် ဧရာဝတီမြစ်ဝှမ်းဖွံ့ဖြိုးတိုးတက်ရေးကိုအထောက်အကူဖြစ်တဲ့သုတေသနတွေလုပ်နေပြီး တော့ အဲ့ဒီသုတေသနတွေကထွက်လာတဲ့အချက်အလက် Data တွေ၊ သတင်းအချက်အလက် Information တွေ၊ သုတေသနရဲ့တွေ့ရှိချက်တွေကိုစုဆောင်းထားရမယ်။ အဲ့ဒီလိုနဲ့ ဒီအဖွဲ့အစည်းကြီးကနိုင်ငံတော်ကိုအစိုးရ ကို အမြဲတမ်းအထောက်အပံ့ပြုနေရမယ်။ နိုင်ငံတော်အစိုးရကလည်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေလုပ်မယ် ဆိုရင် ဧရာဝတီမြစ်ဝှမ်းကိုလွှတ်လို့မှမရတာ။ ရှေးပဝေဿဏီကတည်းက မြစ်ဝှမ်းဒေသကြီးကိုမြန်မာရှေး ဟောင်းမျိုးနွယ်စုတွေကအသုံးပြုခဲ့ကြသလို နောင်လာမယ့်မြန်မာမျိုးနွယ်ဆက်တွေကလည်း ဆက်ပြီးတော့သုံး နေကြရဦးမှာပဲ။ မြစ်ဝှမ်းဒေသကြီးရဲ့ရေမြေတောတောင်သဘာဝကြီးကို ရေရှည်ရှင်သန်အောင်သုံးစွဲဖို့ဆိုတာ ကျွန်တော်တို့ကအမြော်အမြင်ရှိရှိနဲ့စဉ်းစားတွေးခေါ်ပြီး ဆင်ခြင်တုံတရားရှိရှိနဲ့ဆုံးဖြတ်လုပ်ကိုင်မှသာဖြစ်မယ်။ စီးပွားရေးတစ်ခုတည်းနဲ့တွက်ကြည့်လို့မရဘူး။ တစ်နပ်စားကြံလို့မရဘူး။ ရေရှည်ကိုမျှော်တွေးပြီးမျက်စိတစ်ဆုံး ကြည့်ဖို့လိုတယ်လို့ပြောချင်ပါတယ်။ အင်္ဂလိပ်လိုပြောရရင် Sustainable Development နဲ့ Sustainable Growth လို့ပြောနိုင်ပါတယ်။

မေး - နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ဧရာဝတီမြစ်ကြီးနဲ့ဘယ်လိုပက်သက်နေတယ်ဆိုတာသိချင်ပါတယ်။

ဖြေ - ကိုယ့်နိုင်ငံ၊ကိုယ်လူမျိုးတိုးတက်ဖို့ဆိုရင် မြစ်ဝှမ်းဒေသကြီးရဲ့ဒါမှမဟုတ် ရေဆင်းချိုင့်ဝှမ်းကြီးရဲ့ဖွံ့ဖြိုးတိုး တက်မှုကိုလုပ်ရမှာပါ။ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ရင်လည်းအဲ့ဒီနေရာတွေမနစ်နာရအောင် နှစ်ဖက်မထိခိုက်အောင် ပညာက၊ အသိဥာဏ်ကအခရာဖြစ်တယ်။ လူမှုကျင့်ဝတ်ကအခရာဖြစ်နေတယ်။ ပြည်သူ့နီတိကအခရာဖြစ်နေ တယ်။ သမူဟကျအောင်၊ သဟဇာတကျကျဖြစ်အောင်လုပ်နိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့နိုင်ငံတစ်နိုင်ငံလုံး Sustainable Development ဖြစ်နေမှာပဲ။ ဧရာဝတီမြစ်ဝှမ်းဒေသကြီးတစ်ခုလုံးဖွံ့ဖြိုးတိုးတက်ရင် မြန်မာနိုင်ငံ ကြီးဖွံ့ဖြိုးတိုးတက်တာပဲလေ။အဲ့ဒါကြောင့်ကျွန်တော်ကမြစ်ချောင်းများဆိုင်ရာဘူမိရုပ်သွင်ပညာရှင်တစ်ယောက် ၊ ပထဝီဝင်ပညာရှင်တစ်ယောက်အနေနဲ့အကြံပြုချင်တာက မြစ်ကိုပိတ်တာဆို့တာတွေကိုအတတ်နိုင်ဆုံးရှောင် ကြပါ။ မလွှဲမရှောင်သာဖြစ်တော့မှ မြစ်တွေချောင်းတွေကိုပိတ်စေချင်ပါတယ်။ အခုဆိုရင် ဧရာဝတီမြစ်ကြီးနဲ့အ တူ မြစ်တွေအတော်များများမှာသောင်တွေထွန်းလာပြီး မြစ်ရေကလည်းကျဆင်းနေတော့ပြည်သူတွေအတွက် မြစ်ကြောင်း၊ရေကြောင်းခရီးတွေသွားလာရာမှာ အခက်အခဲတွေရင်ဆိုင်လာရတယ်။ မလိုအပ်ဘဲနဲ့အချိန်တွေကို ကန့်သတ်သွားလာနေရတယ်။ ရေကျချိန်မှာသောင်တွေပေါ်လာလို့ ရေစူးနည်းပြီးသဘောင်္တွေ၊ ရေယာဉ်တွေမ သွားလာနိုင်ကြလို့ ရေတက်ချိန်ကိုစောင့်ရတာတွေရှိတယ်။ ရာသီမရွေး၊အချိန်မရွေးသွားလာနိုင်ကြဖို့ ရေလမ်း ကြောင်းတွေကောင်းဖို့လိုအပ်တယ်။ သဘောင်္တွေ၊ရေယာဉ်တွေရဲ့လိုအပ်တဲ့ရေစူးရရှိဖို့ ရေလမ်းကြောင်းမှာ သောင်တွေရှင်းနေရမယ်။ နိုင်ငံတော်ကအဲ့ဒီကိစ္စကိုလုပ်ပေးနိုင်မှ သွားရေးလာရေးအဆင်ပြေချောမွေ့ပြီး ပြည် သူတွေရဲ့လူမှုစီးပွားဘဝတွေဖွံ့ဖြိုးတိုးတက်မယ်။ မြစ်တွေ၊ချောင်းတွေကောင်းမှနိုင်ငံ့စီးပွားရေးလည်းဖွံ့ဖြိုးတိုး တက်လာမယ်။ ဧရာဝတီကအစ မြစ်တွေချောင်းတွေအားလုံးရေစီးရေလာကောင်းမှသူတို့ရဲ့သက်တမ်းလည်း ရေရှည်တည်တံ့မယ်။ မြစ်တွေချောင်းတွေကိုပိတ်မယ်ဆိုရင်သောင်တွေများလာပြီး မြစ်တွေကောလာမယ်ဆိုရင် သူတို့ဘေးကမြို့တွေရွာတွေမှာ ရေကြီးရေလျှံမှုတွေဖြစ်လာပြီးအများပြည်သူတွေအတွက်၊ နိုင်ငံအတွက်အပို ဒုက္ခတွေဖြစ်လာနိုင်မှာသေချာပါတယ်။ အပိုဒုက္ခတွေမဖြစ်ဘူးဆိုရင်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အ နှောင့်အယှက်တွေကင်းမှာဖြစ်တယ်။ ဒါကြောင့် ဧရာဝတီမြစ်ကြီးကနေအစပြုလို့ကျန်တဲ့မြစ်တွေ၊ ချောင်းတွေမ ပိတ်အောင်၊ ကောမသွားအောင်နိုင်ငံတော်နဲ့တကွပြည်သူတွေအားလုံးကအမြဲမပြတ်ဂရုစိုက်ကြဖို့လိုတယ်လို့ ပြောချင်ပါတယ်။